ဆွစ်ဇာလန်နိုင်ငံ  လော်ဆိန်းတက္ကသိုလ်မှ  သိပ္ပံပညာရှင်များသည် ကင်ဆာအကျိတ်ဆဲလ်များမှာ ဗီတာမင် ဘီ-၇ ဖယ်ထုတ်လိုက်လျှင်  အားနည်းသွားသည်ဆိုသည့် ဆဲလ်ဖွဲ့စည်းမှု သဘောတရား အသစ်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။

သက်ရှိဆဲလ်များအားလုံးသည် အာဟာရပေါ်တွင်မူတည်ပြီး ပုံမှန်ချိန်ညှိပြောင်းလဲကြသည်။ ထိုသို့ အလိုက်သင့် နေနိုင်စွမ်းသည် ရှင်သန်ရေးအတွက် အလွန်အရေးကြီးသည်။ သို့သော် အချို့ ဆဲလ်ဖွံ့ဖြိုးမှုများမှာ ဇီဝဖြစ်စဉ်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ဂလူတာမင်းဟုခေါ်သော  အမိုင်နိုအက်စစ်တစ်မျိုးပေါ်တွင်  အလွန်အမင်းမှီခိုတတ်ကြသည်။ ဂလူတာမင်းသည် အသားဓာတ်နှင့် ဒီအင်န်အေတို့ကို တည်ဆောက်ပေးသည်။   ဂလူတာမင်းမရှိလျှင် ဆဲလ်ကွဲခြင်းမဖြစ်နိုင်တော့ပေ။

ထို့အတွက် ကင်ဆာဆဲလ်များသည် အကောင်းဆုံးဥပမာဖြစ်သည်။ ကင်ဆာဆဲလ်များ၏ ဂလူတာမင်းအာဟာရအပေါ် မှီခိုလွန်းပုံကို ဂလူတာမင်းစွဲနေခြင်းဟုပင် ပြောလေ့ရှိကြ၏။ ယင်းမှာ ကင်ဆာဆဲလ်တို့၏ လူသိများသော အားနည်းချက်။ သို့တိုင် ကင်ဆာဆဲလ်တို့သည် ထိုမှီခိုမှုကို တစ်နည်းနည်းဖြင့် ကျော်လွှားနိုင်ကြသည်။

ယခုလေ့လာတွေ့ရှိမှုကို ပါရဂူဘွဲ့လွန်သုတေသီတစ်ဦးဖြစ်သော ဒေါက်တာမီရီယမ်လစ်စီက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့အဖွဲ့က ကာဗွန်ကြွယ်ဝသော  ပိုင်ရူဗိတ်မော်လီကျူးဒြပ်ပေါင်းများကို  လေ့လာခဲ့ကြပြီး ထိုဒြပ်ပေါင်းတို့က ဆဲလ်တို့ကို ဂလူတာမင်း ကျဆင်းနေချိန်မှာပင်  ဆဲလ်ကွဲ ခြင်းဖြစ်စေရန်  အားပေးနိုင်ကြောင်း  တွေ့ရှိခဲ့ကြသည်။

သူတို့၏ လေ့လာစမ်းသပ်မှုအရ ပိုင်ရူဗိတ် ကာဘောက်ဆလေ့စ်ဆိုသော အင်ဇိုင်းတစ်မျိုးက ဆဲလ်များကို ဂလူတာမင်းကျဆင်းနေချိန်မှာပင် ကွဲနိုင်အောင် အားပေးနေသည်ကို  တွေ့ခဲ့ရသည်။ ထိုအင်ဇိုင်း  အလုပ်လုပ်ရန်ဆိုလျှင် ဗီတာမင် ဘီ-၇ နှင့် ချိတ်ဆက်ရသည်။ ဗီတာမင် ဘီ-၇ မရှိလျှင်   အင်ဇိုင်းမှာ အသက်မဝင်တော့။    ဆဲလ်ကြီးထွားမှု ရပ်တန့်သွားမည်ဖြစ်သည်။

ယခုတွေ့ရှိမှုမှာ ကင်ဆာဆဲလ်တို့၏ အားနည်းချက်တစ်ခုကို ထပ်တွေ့ခြင်းမျိုးမကဘဲ ဇီဝဖြစ်စဉ်များနှင့်ပတ်သက်၍  လူသားတို့သိရန် များစွာလိုအပ်နေသေးကြောင်း ပြသခဲ့သည်။ သို့သော်  ကင်ဆာဆဲလ်တို့၏ အားနည်းချက်များကို ရှေ့ဆက်ဖော်ထုတ်နိုင်ရန် လမ်းကြောင်းပွင့်သွားခြင်း လည်း ဖြစ်သည်။

စမ်းသပ်မှုပြုလုပ်ခဲ့သည့် ဓာတ်ခွဲခန်းကြီးကြပ်သူ ပါမောက္ခ အလက်ဇစ် ဂျော်ဒိန်းက “ဒီသုတေသနက ရေရှည်မှာ ကင်ဆာဆဲလ်တွေရဲ့ ဇီဝဖြစ်စဉ်အားနည်းချက်တွေကို ပိုပြီးလေ့လာနိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးလိုက်ပါတယ်။ အကျိတ်ဆဲလ်တွေရဲ့ ဇီဝအလိုက်သင့် နေထိုင်နိုင်စွမ်း ကြီးမားမှုကို စိန်ခေါ်နိုင်မယ့် ကုသနည်းဗျူဟာအသစ်တွေ ဆန်းသစ်တီထွင်ဖို့ အခွင့်အလမ်းတွေ ရှိလာစေနိုင်ပါလိမ့်မယ်”ဟု  သုံးသပ်ခဲ့သည်။

Ref: scitechdaily.com