mdn

သတင်းဆောင်းပါး - ဒေါက်တာမော်

 

သင်စားနေသော အစားအစာကြောင့် သင်ကင်ဆာ ရောဂါဖြစ်နိုင်ခြေမှာ သင်ထင်တာ၊ သင်သိတာ၊ သင်ခန့်မှန်းတာထက် သာလွန်ပိုမိုနေပါသလားဟု ဆန်းစစ်ကြည့်ရအောင်။ လွန်ခဲ့သောတစ်ပတ်က CNN Health Weekly News Letter မှာ ဖတ်လိုက်ရ သည်။ ယနေ့ ကမ္ဘာတွင် သေဆုံးသူ ခြောက်ယောက်တိုင်းမှာ တစ်ယောက်သည် ကင်ဆာရောဂါကြောင့်သေဆုံးခြင်း ဖြစ်ပါသည်တဲ့။

 

ကင်ဆာရောဂါအဘယ်ကြောင့် ဖြစ်ကြပါသနည်း။

 

- မျိုးရိုးဗီဇ (Genetics) ကြောင့် လည်းကောင်း၊

- မျိုးရိုးဗီဇနှင့်မဆိုင်သော ဓာတ်ရောင်ခြည်များ (radiation)၊ ဗိုင်းရပ်စ်ပိုးများ၊ အရက်၊ ဆေးလိပ်၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ၊ ကိုယ်လက်လှုပ်ရှားမှုမရှိသော အနေအထိုင် စသည့်ပတ်ဝန်းကျင် အကြောင်းများကြောင့်လည်းကောင်း ကင်ဆာရောဂါဖြစ်ကြပါသည်။

 

ထိုအကြောင်းများတွင် ပြုပြင်၍မရသောအကြောင်း များရှိသည်။ ပြုပြင်၍ရသော အကြောင်း များရှိသည်။ လွယ်လွယ်နဲ့ပြုပြင်၍ရသော အကြောင်းများရှိသည်။ လွယ်လွယ်နဲ့ပြုပြင်နိုင်ပြီး များများ အကျိုးသက်ရောက်မှုရှိသောအကြောင်းများလည်း ရှိသည်။ မည်သည့်အကြောင်းမျိုးတွေကို ပြုပြင်နိုင်မည်နည်း။ ဆန်းစစ်ကြည့်ကြပါစို့။

 

- မျိုးရိုးဗီဇကိုပြင်ဖို့ဆိုသည်မှာ သိပ္ပံပညာရှင်တွေကိုအားကိုးရပေမည်။

- ဓာတ်ရောင်ခြည် ကာကွယ်ရန်မှာလည်း အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေပါမှ ဖြစ်ပေမည်။

- အရက်ဖြတ်ဖို့၊ ဆေးလိပ်ဖြတ်ဖို့ ဆိုသည်မှာလည်း အတော်ခက်ပါသေးသည်။

- ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေရှောင်ဖို့ကရော၊ ဟား ဒါတော့ဖြစ်နိုင်တယ်၊ ရွေးစရာတွေ တစ်ပုံကြီး၊ ဘယ်ဟာရှောင်ရမလဲသာပြော၊ ကင်ဆာမဖြစ်ဘူးဆိုရင် ရှောင်မယ်။

- ကိုယ်လက်လှုပ်ရှား (exercise) လုပ်ဖို့ကရော၊ ဟား ဒါလည်းဖြစ်နိုင်တယ်။ ဘယ်သူ့ဆီမှာမှ မှတ်ပုံတင်စရာမလိုဘူး၊ ထောက်ခံချက်မလိုဘူး၊ ကိုယ်လုပ် ကိုယ်ရတယ်။

 

ဤဆောင်းပါးတွင်တော့ ကင်ဆာဖြစ်စေနိုင်သော အစားအသောက်များ ရှောင်ဖို့အကြောင်းကို ဆွေးနွေးလိုပါသည်။

 

ထင်သည်ကို ပြောသည်မဟုတ်ဘဲ မြင်သည်ကိုဆွေးနွေးမှသာလျှင် Evidence Based Medicine ဖြစ်မှာမို့ သုတေသနတွေ့ရှိချက်များကို ကိုးကားပြလိုပါသည်။

 

Oxford Academic Journal တစ်ခုဖြစ်သသည့် JNCI Cancer Spectrum  ၌ လွန်ခဲ့သော အပတ်က ရေးသားဖော်ပြခဲ့သော "Preventable Cancer Burden Associated With Poor Diet in the United States" ဟူသည့် သုတေသနစာတမ်းတစ်ခုကို အဆိုပါ CNN Health weekly news letter  တွင် ကိုးကားထားပါသည်။

 

(Evidence ဆိုသည်မှာလည်း အခြားနိုင်ငံ Research  တွေက ပိုမိုများပြားသည့်အလျောက် အခြား Research တွေကိုသာ ကိုးကားပြမိပါသည်။ ကိုယ့်နိုင်ငံမှာ ဘယ်လိုအသုံးပြုနိုင်မည် (apply)ကိ နောက်ပိုင်းမှာ ထည့်သွင်းဆွေးနွေးပါမည်။)

 

၂၀၁၅ ခုနှစ် တစ်နှစ်တာမှာ အမေရိကန်နိုင်ငံတွင်အသက် ၂၀ နှင့်အထက် ကင်ဆာရောဂါ စတင်ဖြစ်လာသူများအနက် ကင်ဆာရောဂါရှင် ရှစ်သောင်းကျော်သည်ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများစားသုံး ခြင်းကြောင့်ဖြစ်သည်ဟု အထက်ပါသုတေသနစာတမ်းမှာ ဖော်ပြထားပါသည်။

 

ထိုရှစ်သောင်းကျော်ဟူသော အစားအသောက်ကြောင့်ဖြစ်သော ကင်ဆာရောဂါရှင်ဦးရေသည် ထိုနှစ်ကင်ဆာရောဂါဖြစ်သူ စုစုပေါင်း၏ ငါးရာခိုင်နှုန်းကျော်ဖြစ်သည်။ ထိုရာခိုင်နှုန်းသည် အရက် သောက်ခြင်းကြောင့်ဖြစ်သော ကင်ဆာလူနာဦးရေရာခိုင်နှုန်းနှင့် ထပ်တူဖြစ်နေသည်။ ထိုကြောင့် ကင်ဆာဖြစ်စေနိုင်သည်ဟူသော အစား အစာများကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။

 

ကင်ဆာရောဂါ အမျိုးမျိုးရှိသည့်အနက် အစားအစာ နှင့် အများဆုံးနှီးနွှယ်သည့် ကင်ဆာရောဂါ သည်ကား အစာ လမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အူမကြီးကင်ဆာ (colorectal cancer) ဖြစ်ပါသည်။

 

ပါးစပ်ကင်ဆာ၊ လည်မျိုကင်ဆာ (pharynx cancer)၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ အစာရေပြွန် ကင်ဆာ (oesophagus cancer)၊ သိုင်းရွိုက်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ စသည်တို့သည်လည်း ကင်ဆာဖြစ်စေသော အစား အသောက်များနှင့် နှီးနွှယ်နေ၏။

 

အစားအသောက်အမျိုးမျိုးရှိသည့်အနက် ကင်ဆာနှင့်နှီးနွယ်သော စားသောက်ပုံများမှာ-

- ကြာကြာအထားခံအောင် စီမံထားသော အသားများကိုများများစားသုံးခြင်း၊ အပူချိန်မြင့်မြင့်ဖြင့် ကြော်ထားသော၊ ကင်ထားသောအသားများကိုများများစားသုံးခြင်း၊

- Red Meat ဟူသော အမဲသား၊ ဆိတ်သား စသည့်အနီရောင်သန်းသော အသားများကို များများ စားသုံးခြင်း၊

- အချိုရည်များများ သောက်သုံးခြင်း၊

- Whole Grain ဟုခေါ်သော လုံးတီးဆန်၊ ဘာလီ၊ ပြောင်း၊ ဥအေ စသည်တို့စားသုံးမှုနည်းခြင်း၊

- ဟင်းသီးဟင်းရွက်၊ အသီးအနှံစားသုံးမှုနည်းခြင်းတို့ဖြစ်သည်ဟု အထက်ပါစာတမ်းတွင် ဖော်ပြထား သည်။

 

ထိုစားပုံသောက်ပုံများနှင့် ကင်ဆာရောဂါတို့နှီးနွှယ်မှုများကို ယခင့်ယခင်သုတေသန အများအပြားတွင် တွေ့ရှိပြီးဖြစ်သော်လည်း အထက်ပါသုတေသနမှာကား ကိန်းနှင့်၊ ဂဏန်းနှင့်သက်သေပြကာ မည်မျှ အရေးကြီးသည်ကို ထပ်ဆင့်ညွှန်ပြထားခြင်း ဖြစ်ပါသည်။

 

ဤစာတမ်းကိုဖတ်ပြီး မြန်မာနိုင်ငံအတွက် စဉ်းစား ကြည့်မိပါသည်။

 

ကြာကြာအထားခံအောင် စီမံသောအသားများကိုများများစားသုံးခြင်း၊ အပူချိန်မြင့်မြင့်ဖြင့် ကြော်ထားသော၊ ကင်ထားသော အသားများကို များများစားသုံးခြင်း

 

မြန်မာနိုင်ငံမှာ စီးပွားရေးပွင့်လာသည်နှင့်အမျှ ကြာကြာအထားခံအောင်စီမံထားသော အသားများကိုပိုမိုရလွယ်၊ စားလွယ်လာကြသည်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆလာမီ(salamင)၊ ဘေကွန်(bacon)၊ ဟမ်(ham)၊ ကျပ်တင်ထားသော အသားများ၊ စည်သွတ်အသားများ၊ အသားခြောက်များ ပိုမိုရလွယ်လာကြသည်။ ထိုအသားများကို အရောင်မပျက်အောင်၊ အထားခံ အောင်၊ အရသာရှိအောင်ထည့်ထားသော ဆိုဒီယမ်နိုက်ထရိုက်(sodium nitrites)သည် အသားများနှင့်တွေ့ ထိသော အခါ ကင်ဆာဖြစ်စေသော နိုက်ထရိုစမင်း (nitrosam-ines) အဖြစ်ပြောင်းလဲသွား၏။ အထူးသဖြင့် 130'C  ခန့်အထိ အပူချိန်မြင့်မြင့်ချက်သောအခါ နိုက်ထရို စမင်း တွေဖြစ်လာရန် ပိုမိုသေချာသွားတော့သည်။ ထို့ကြောင့်ဟိုတယ်များတွင် တွေ့တွေ့နေသော ဘေကွန်ကျွတ်ကျွတ်ရွရွလေးများ၊ ဝက်အူချောင်း၊ အမဲအူချောင်း(sausage)ရဲရဲလေးများသည် သေချာ တာပေါ့ ကင်ဆာဖြစ်စေနိုင်သည်။ ABC XYZ ကြက်ကြော်တွေကရော၊ သွားရည်ကျလောက်အောင် မွှေးနေသော်လည်း အပူချိန်များများနဲ့ကြော်ထားသည့်အတွက် ကင်ဆာဖြစ်စေတတ်သော ဟက်ထရို ဆိုက်လစ်အေမင်း (hterocyclic amines) များ ဖြစ်ပေါ်လာစေသည်ဟု သိထားသင့်သည်။ Mc Something ဘာဂါတွေ၊ ပီဇာ (pizza)တွေလည်း ထိုနည်း တူပင်။

 

သူတို့နိုင်ငံတွေမှာတော့ ထိုအစားအစာများသည်အရသာကလည်းရှိ၊ အလွယ်ကလည်းရ၊ အမြန် ကလည်း ရသဖြင့် စားသုံးသူများ၍ ပြဿနာကကြီးပေသည်။ မြန်မာ နိုင်ငံမှာက အမေကလည်း ချက်ပြုတ်ပေးနိုင်၊ အချိန်တွေလည်းရှိနေသဖြင့် အရသာအတွက်နဲ့တော့ တန်းစီရမည်ဆိုလျှင် တပင်တပန်းမစီတော့ဘဲ ဒီနေ့အဖို့ ကင်ဆာဖြစ်စေ နိုင်တဲ့ ဓာတ်တစ်ခုစားတာ လျော့သွားပြီဟု ဝမ်းသာစွာ လက်ခံလိုက်သင့်ပါသည်။

 

မြို့မှာမနေသဖြင့် ဒီအစာတွေ လက်လှမ်းမမီ၍ ကိုယ်နှင့်မဆိုင်ဘူးလို့ မထင်ပါလေနှင့်။ တောက ငါးကျည်း ခြောက် ကျပ်တင်လေးများ၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များကို ဆန်းစစ်ကြည့်ကြရအောင်။

 

ကျပ်တင်ခြင်း၊ ဆားသိပ်ခြင်းတို့သည် နှစ်ပေါင်းများ စွာကတည်းက ပေါ်ပေါက်လာခဲ့သော အစားအစာ သိုလှောင်နည်းများဖြစ်ပါသည်။ အရသာလည်းကောင်း သဖြင့် ယခုထိလည်း တွင်တွင်ကျယ်ကျယ် စားသုံးနေကြ သေးသည်။ များများမစားသော်လည်း စားသလောက်ခန္ဓာကိုယ်ထဲကို ဆားများများ ဝင်သွားသည်မှာ ငါးပိ၊ ငါးခြောက် ဖြစ်သည်။

 

ဆားအလွန်အကျွံစားလျှင် အစာအိမ်ကင်ဆာ (Stomach Cancer) ဖြစ်တတ်သည်ဟူသော သုတေ သနအထောက်အထားများ ရှိနေသည်။ ကမ္ဘာပေါ်မှာ အစာ အိမ်ကင်ဆာအဖြစ်အများဆုံးနိုင်ငံများမှာ ကိုရီးယား၊ မွန်ဂိုးလီးယား၊ ဂျပန်တို့ ဖြစ်သည်။ သူတို့အစားအစာတွေသည် အတော်ငန်ကြသည်။ သူတို့က ငါးအစိမ်း လတ်လတ်ဆတ်ဆတ်များကိုပင် ငံပြာရည်များနှင့် တို့စားကြသည်မဟုတ်ပါလား။

 

အသားဖုတ်၊ အသားကင်(barbecued, grilled, roasted meat) စသည်ဖြင့် မီးသွေး၊ ထင်း (open f ire) နှင့် တိုက်ရိုက်တွေ့ထိပြီး ချက်သောအသားတွေမှာလည်း Polycyclic Aromatic Hydrocarbons ဟူသော ဓာတ်တွေဖြစ်လာပြီး ထိုဓာတ်များသည် ကင်ဆာ ဖြစ်စေနိုင်သည်ဟု သုတေသနာအများအပြားမှာ တွေ့ရှိပြီးဖြစ်သည်။

 

ထို့ကြောင့် ကြာကြာအထားခံအောင် စီမံထား သောအသားများ၊ မီးပြင်းပြင်းနဲ့ကြော်ထားသော၊ ကင်ထားသော အသားများကို များများမစားကြစေလိုပါ။ လုံးဝမစားနဲ့လို့တော့ မပြောလိုပါ။

 

Red meat ဟူသော အမဲသား၊ ဆိတ်သားများကိုများများစားသုံးခြင်း

 

Red meat ဟူသော အမဲသား၊ ဆိတ်သားများကိုတော့ ရှောင်နိုင်သမျှရှောင်ဖို့ မခက်ခဲလှပါဘူးဟု ထင်ပါ သည်။ ကြက်သားကဲ့သို့သော white meat များကိုအစားထိုးစားနိုင်ပါသည်။ တိရစ္ဆာန်လေးတွေကို ကြင်နာသူများကတော့မည်သည့် အသားမျှမစားရင် အကောင်းဆုံး ပါဟုဆိုကြပေမည်။ ပရိုတင်းဓာတ်ကို ပဲကလည်း ရနိုင်ပေ၏။

 

အချိုရည်များများသောက်သုံးခြင်း

 

အချိုရည် ချိုချိုကြီးတွေလည်း မသောက်သင့်ပေ။ အချိုဓာတ်နဲ့ cancer oesophagus ဆက်စပ်နေ သည်ဟု အချို့သုတေသနများတွင် ပြထားသည်။ အချိုရည်များများသောက်သုံးခြင်းဖြင့် ကင်ဆာမဖြစ်လျှင်ပင်လျှင် ဆီးချိုရောဂါ၊ အဝလွန်ရောဂါများ ဖြစ်နိုင်နေသေးသည်။ ထို့ကြောင့် rock sugar လောက် ချိုမြမြလေးကိုသာသောက်တတ်အောင် လျှာကို လေ့ကျင့်ထားသင့်ပေသည်။

 

Whole Grain ဟုခေါ်သော လုံးတီးဆန်၊ ဘာလီ၊ ပြောင်း၊ Oat စသည်တို့ စားသုံးမှုနည်းခြင်း

 

မြန်မာနိုင်ငံမှာ ဘာလီတို့၊ ပြောင်းတို့၊ Oat တို့သိပ်မစားကြဘဲ ထမင်းကို အဓိက ထားစားကြသဖြင ဆန်အကြောင်းသာ ဆွေးနွေးလိုပါသည်။ ဆန်စက်တွေမှာ အချောမသင်ရသေးသောလုံးတီးဆန်သည် ကင်ဆာ ရောဂါကို ကာကွယ်နိုင်သည့်ညေအငသထငိညေအျ များပါသဖြင့် ဆန်အဖြူအပြင် လုံးတီးဆန်ကိုပါ စားသုံးသင့်သည်။

 

ဟင်းသီးဟင်းရွက်၊ အသီးအနှံ စားသုံးမှုနည်းခြင်း

 

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားသုံးမှုကိုမပိုလျှင်တောင်မှ မလျော့စေချင်ပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံစားသုံးမှုနည်းခြင်းနှင့် ကင်ဆာတို့တိုက်ရိုက်ပတ်သက်နေကြောင်း သုတေသနအဖြေများ လုံလုံလောက်လောက် မတွေ့ရသေးသော်လည်း -

 

ဟင်းသီးဟင်းရွက်စားလျှင် ဗိုက်ပြည့်သွားသဖြင့်အသားကင်တွေ၊ စည်သွတ်ဘူးတွေ သိပ်မစား ဖြစ်တော့ခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သည ဟင်းသီးဟင်းရွက်စားလျှင် ဗိုက်ပြည့်သွားသဖြင့်ခန္ဓာကိုယ်ဝစေသည့် အစားအစာများ မစားဖြစ်တော့ကာ မဝတော့ချေ။ အဝ လွန်ခြင်းသည်ကား ကင်ဆာရောဂါနဲ့ဆက်စပ်ကြောင်း သုတေသန တွေ့ရှိချက်များ အခိုင်အမာရှိသည့် အတွက်ဟင်းသီးဟင်းရွက်ကို လျှော့မစားခြင်းဟာ ကင်ဆာ ရောဂါကို တစ်ဖက်တစ်လမ်းက ကာကွယ်ရာ ရောက်သည်ဟု ဆိုရပေမည်။

 

ဟင်းသီးဟင်းရွက၊် အသီးအနှံစားရာတွင်လည်း ပိုးသတ်ဆေး၊ မှည့်အောင်လုပ်တဲ့ဆေး၊ ဝါအောင် လုပ်တဲ့ဆေး၊ ကြာရှည်ခံအောင်လုပ်တဲ့ ဆေးများအကြောင်း ကြားမိနေသဖြင့် ကိုယ့်အိမ်ရှေ့ ၊ ကိုယ့်အိမ်နောက်ရှိတဲ့ မြေလေးတွေမှာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရန် အကြံပြု လိုက်ပါတယ်။ မြေရှားပါးသော စင်ကာပူနိုင်ငံမှာပင်တိုက်ခန်းနဲ့နေသူတွေက ပန်းအိုးလေးတွေမှာ စားပင်သီးပင် လေးတွေ စိုက်ပျိုးကြသည်ကို တွေ့ရသည်။ စားခါနီးမှာ ခူးဆွတ်စားကြသဖြင့် အော်ဂဲနစ် စစ်စစ်ဖြစ်ပေမည်။ အခုလောက်ဆိုလျှင်တော့ မိတ်ဆွေတို့ စားနေကျ အစားအစာများကို ပြန်လည်ဆန်းစစ်နေကြပြီထင်ပါသည်။

 

အောက်ပါအချက်များကို သတိပေးရင်း နိဂုံးချုပ်ပါရစေ။

 

- အသား၊ ငါးတွေကို ဈေးကဝယ်ပြီး လတ်လတ်ဆတ်ဆတ် ချက်စားပါ။

- ကြက်အူချောင်း၊ ဝက်အူချောင်း၊ စည်သွတ် အသား၊ ကြက်ကြော်၊ ဘာဂါတွေကို အလွယ်တကူ မဝယ်ယူပါနဲ့။

- အမဲသား၊ ဆိတ်သား လျှော့စားပါ။

- လုံးတီးဆန်ထည့်စားကြည့်ပါ။

- အချိုရည်အစား ရေသောက်ပါ။

- ဟင်းသီးဟင်းရွက်၊ အသီးအနှံစားဖြစ်အောင်စားပါ။ မနည်းပါစေနဲ့။

- အိမ်နောက်ဖေးဈေးဆိုင်တည်ပါ။

- သားငယ် သမီးငယ်တွေကိုလည်း နို့စို့အရွယ်ကစပြီး အဖတ်စတင်စားကြပြီဆိုရင် ဆားမပါ ပါစေနဲ့။ ဆားမပါလျှင် သားလေးဘယ်ကြိုက်ပါ့မလဲဟု မထင်ပါနှင့်။ အစားအစာ၏ သဘာဝ အရသာကို ခံစားတတ်ပါစေ။ အကျင့်လုပ် ပေးပါ။

- ဟင်းရွက်ကို အပြုတ်အတိုင်းစားတတ်ပါစေ။ကင်ဆာရောဂါဘေး ကင်းဝေးကြပါစေ။