ရန်ကုန် ၂၄ နိုဝင်ဘာ
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်း၏ ၂၁ နှစ်တာ ဖြတ်သန်းခဲ့သော ခရီးနှင့် ရှေ့လုပ်ငန်းစဉ်များတင်ပြခြင်း၊ လမ်းညွှန်မှုခံယူခြင်းနှင့် ဖောင်ဒေးရှင်း တည်ထောင်သူဆရာကြီး ဦးလှထွန်း CPA,DHL,EPSF Class 1 ၏ (၁၃)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းနာယက ဦးလှမောင် (သံအမတ်ကြီး-ငြိမ်း)နှင့် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်တို့က အမှာစကားပြောကြားကြသည်။
ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းကို ဥက္ကဋ္ဌ ဆရာကြီး ဦးလှထွန်းက မိမိ၏ တစ်ဦးတည်းသောသမီး ဒေါ်မြစန္ဒာထွန်းအား အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ကင်ဆာဝေဒနာခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန်အတွက် ဤအမြတ်မယူတစ်ရာ ရာခိုင်နှုန်းကုသိုလ်ဖြစ်အဖွဲ့အစည်းကို (၁၉၉၈)ခုနှစ် အောက်တိုဘာ (၁၄)ရက်တွင် စတင်တည်ထောင်ခဲ့သည်။
“၁၉၉၈ ခုနှစ်က အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀ဝ၀ ခုနှစ်မှာ ရန်ကုန်အတွင်းလူနာ(ကင်ဆာ)ဗဟို ခုတင်(၅၀)ဆံ့ကိုဖွင့် လှစ်နိုင်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်မှာ မန္တလေးကို ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်။ မန္တလေးဆေးရုံနှစ်ရုံမှာ နောက်ဆုံးအဆင့် ကင်ဆာဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ပေးခဲ့တာ (၆၀ဝ၀)ကျော် ရှိသွားပါပြီ။ ဒီပြုစုစောင့်ရှောက်မှုမှာ နွမ်းပါး ပြီး နောက်ဆုံးအဆင့် ကင်ဆာဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်တွေကို မေတ္တာနဲ့ အစစ အရာရာ အခမဲ့ပြုစုစောင့်ရှောက်ပေးပါတယ်။ သူတို့အတွက် ကိုက်ညီတဲ့အာဟာရ အစားအစားတွေကိုလည်း ကျွေးမွေးတယ်။ လူနာရှင်နဲ့ အတူပါလာတဲ့ လူနာစောင့်ကိုလည်း အခမဲ့ကျွေးမွေးပါတယ်” ဟု ဦးလှထွန်းမေတ္တာ ရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်း ဘဏ္ဍာရေးဒါရိုက်တာ ဒေါ်ချောကလျာက ပြောသည်။
ရတီ