၂၄ ဧပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ပြင်းထန်စွာ နေမကောင်းဖြစ်နေသည်ဟု ပြောဆိုနေသည့် သတင်းများမှာ မမှန်ကန်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

 

ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်နှင့် ကင်ဂျုံအန်တို့သည် ကောင်းမွန်သည့် ဆက်ဆံရေးများရှိကြောင်း နှင့် အဆင်ပြေမည်ဟု ၎င်းအနေဖြင့် မျှော်လင့်ပါကြောင်း ထရမ့်က ပြောကြားခဲ့သည်။

 

ယခုအပတ်အစောပိုင်းက CNN သည် အမေရိကန်အစိုးရ၏ သတင်းရင်းမြစ်များကို ကိုးကားပြီး ကင်သည် ခွဲစိတ်ကုသမှုခံယူနေရပြီး အန္တရာယ်နှင့် အကြီးအကျယ်ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ကင်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။ 

 

ထရမ့်က သတင်းအဟောင်းများကို အခြေခံပြီး ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

CNN မှ သတင်းမှာ သတင်းတုဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

 

မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းရှိ မရှိကို မှတ်ချက်ပေးရန် ထရမ့်က ငြင်းဆိုခဲ့သည်။

 

မြောက်ကိုရီးယား မီဒီယာများသည် ကင်ဂျုံအန်နှင့်ပတ်သက်ပြီး တစ်ပတ်ကျော်မျှ  သတင်းများ ဖော်ပြခြင်း မရှိခဲ့ပေ။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်