ကျော်ထိုက်စိုး - ရေးသားသည်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည်သမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် မကြာမီရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အစည်း အဝေးအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စကို အလေးထားဆွေးနွေးမည်ဟု မျှော်မှန်းရကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြသည်။
ပထမဆုံးအကြိမ်
၂၀၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူကွယ်လွန်ကာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း ကင်ဂျုံအန်၏ ရုရှား နိုင်ငံသို့ သွားရောက်မည့်အစီအစဉ်များကို မြောက်ကိုရီး ယားမီဒီယာများက ရေးသားဖော်ပြခဲ့ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ သမ္မတ ဗလာဒီမာပူတင်သည် ဗလာ ဒီဗိုစတော့ခ်မြို့တော်၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံမည်ဟု ရုရှားတာဝန်ရှိသူများကယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ ဆိပ်ကမ်းမြို့တော် ဗလာဒီဗိုစတော့ခ်သို့ ဧပြီ ၂၄ ရက်မှ၂၆ ရက်ထိ သွားရောက်လည်ပတ်မည်ဟု ၎င်းတို့က ပြောကြားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ခရီးစဉ်သွားရောက်ရခြင်း ဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA)က ရေးသားခဲ့သည်။ သို့သော်လည်း ကင်ဂျုံအန်၏ခရီးစဉ်အသေးစိတ်နှင့် ဆွေးနွေးပွဲကျင်းပမည့် နေရာတို့ကို အဆိုပါသတင်းက မဖော်ပြခဲ့ပေ။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့သည် ဧပြီ ၂၅ ရက်တွင်ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး နောက်ဆက်တွဲ အစည်းအဝေး တစ်ရပ်ကျင်းပမည်ဟု ရုရှားတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ခေါင်းဆောင်နှစ်ဦးသည် ရုရှားနှင့်မြောက်ကိုရီးယားကြား ဆက်ဆံရေးအပြင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စကိုပါ ဆွေးနွေးမည်ဟု ရုရှားသမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပတ်ကော့ဗ်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားခဲ့သည်။ ထို့အပြင် ဗလာဒီမာပူတင်နှင့် ကင်ဂျုံအန်တို့သည် အမေရိကန်-မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖျက်သိမ်းရေး စေ့စပ်ညှိနှိုင်းမှုများ မည်ကဲ့သို့ ရှေ့ဆက်လုပ်ဆောင် မည်နှင့် ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြဖွယ်ရှိကြောင်း ပြည်ပရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။
စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်
မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ ပြီးဆုံးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော်တွင် ကျင်းပခဲ့သော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ထိပ်သီးအစည်းအဝေးအပြီးတွင် နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုများ ရပ်ဆိုင်းသွားခဲ့သည်။ ယင်းထိပ်သီးအစည်းအဝေးအတွင်း ကင်ဂျုံအန်နှင့်ဒေါ်နယ်ထရန့်တို့မှာ အမေရိကန်ပြည်ထောင်စု၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး တောင်းဆိုချက်များနှင့် မြောက်ကိုရီးယားနိုင်ငံ၏ အရေးယူမှုများ သက်ညှာရေးတို့ကြား သဘောတူညီမှုရရှိအောင် မပြု လုပ်နိုင်ခဲ့ကြပေ။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား နှင့် ဒုံးကျည်ထုတ်လုပ်ရေး ရည်မှန်းချက်များကိုကဖျက်ယဖျက်လုပ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ၏စီးပွားရေး ပိတ်ဆို့မှုများက မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကိုထိခိုက်စေခဲ့ကာ ကင်ဂျုံအန်က စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ခိုင်လုံသော ဆောင်ရွက်ချက်များ စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိတ်ဆန္ဒပြင်းပြ
မြောက်ကိုရီးယားနိုင်ငံက ယင်း၏နျူကလီးယား အဆောက်အအုံများ၊ အစီအစဉ်များအားလုံးကို မဖျက်သိမ်း သရွေ့ အရေးယူမှုများ ဆက်လက်ထားရှိသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ သည်။ဧပြီ ၁၂ ရက်တွင် ဥပဒေပြုအစည်းအဝေး၌ ပြောကြားသည့်မိန့်ခွန်းအတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က ယခုနှစ်အကုန် နျူကလီးယားဆွေးနွေးမှုများပြုလုပ်ချိန်တွင် ရပ်တည်ချက် ပြောင်းလဲရန် အမေရိကန်ပြည်ထောင်စုသို့ တိုက်တွန်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော ရပ်တည်ချက်ပေါ် မူတည်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထပ်မံတွေ့ဆုံရန် သူ့အနေဖြင့် စိတ်ဆန ́ပြင်းပြကြောင်း ပြောကြားခဲ့သည်။ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံချိန်အတွင်း ကင်ဂျုံအန်သည် အရေးယူမှုများ ဖြေလျှော့ရေးအတွက်ဗီတိုအာဏာရ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံအနက် တစ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုကို အကူအညီတောင်းခံမည်ဟု မျှော်မှန်းရသည်။
ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေး
ရုရှားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုတိုးမြှင့်လုပ်ဆောင်လိုသည့် ဆန္ဒရှိမည်ဟု ယုံကြည်ရသည်။ ရုရှားတာဝန်ရှိသူများ ပြောကြားခဲ့သည့်အတိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ဧပြီ ၂၄ ရက်တွင် ဗလာဒီဗိုစတော့ခ်မြို့တော်သို့ ရောက်ရှိမည်ဆိုပါက ဧပြီ ၂၃ ရက်တွင်ရထားဖြင့် ပြုံယမ်းမြို့တော်မှ ထွက်ခွာရမည်ဖြစ်သည်။မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းနှင့်ရုရှားနိုင်ငံအရှေ့ဖျားရှိ ဗလာဒီဗိုစတော့ခ်မြို့တော်ကြား ရထားစီး ချိန် နာရီ ၂၀ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။ မြောက်ကိုရီး ယားခေါင်းဆောင်တစ်ဦးက ရုရှားနိုင်ငံသို့ နောက်ဆုံး အကြိမ်သွားရောက်ခဲ့သည့် ခရီးစဉ်ကို ကွယ်လွန်သူကင်ဂျုံအန်၏ဖခင် ကင်ဂျုံအီက ၂၀၁၁ ခုနှစ်ဩဂုတ်လအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီး ယားနိုင်ငံကို ဆိုဗီယက်ပြည်ထောင်စု၏ ကျောထောက်နောက်ခံပြုမှုဖြင့် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်တည်ထောင်ခဲ့သည်။
ရုရှားနှင့်မြောက်ကိုရီးယားကြား ဆက်ဆံရေးကိုအစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေး အဖြစ် မကြာခဏဆိုသလို ညွှန်းဆိုဖော်ပြခဲ့ကြသည်။
ကိုးကား-ကျိုဒိုနယူး
North Korea says leader Kim Jong Un to“soonvisit”Russiato “soon visit” Russia