ဟနွိုင်း ၂၆  ဖေဖော်ဝါရီ

 

ယခုသီတင်းပတ်နှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ တွေ့ဆုံမည်ဖြစ်ပြီး ယင်းမတိုင်မီရောက်ရှိနေသာ ကင်ဂျုံအန်းနှင့် ရုပ်ချင်းဆင်တူသူကို တနင်္လာနေ့က ဟိုတယ်အတွင်းမှ ခေါ်ထုတ်ကာ ဗီယက်နမ်နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။

 

ကင်ဂျုံအန်းနှင့် ရုပ်ချင်းဆင်တူသူ ဟောင်ဝေါ့အိတ်စ်သည် ထရမ့်နှင့်ရုပ်ချင်းဆင်သူ ရက်ဆဲလ်ဝှိုက်နှင့်အတူ လွန်ခဲ့သော သီတင်းပတ်ကဗီယက်နမ်သို့ရောက်ရှိခဲ့ပြီး ဟနွိုင်းကဇာတ်ရုံရှိ လှေကားထစ်များတွင် ဆွေးနွေးပွဲအတု ပြုလုပ်ခဲ့သည်။ သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့သည် ဖေဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည် ဖြစ်သည်။

 

ပြီးခဲ့သည့်သောကြာနေ့က ကင်ဂျုံအန်းနှင့် ရုပ်ချင်းဆင်တူသူကို ဟနွိုင်းရဲများက စစ်ဆေးမေးမြန်းခဲ့ပြီး ဟောင်ကောင်ရှိ ၎င်းနေထိုင်ရာအရပ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဟု သတိပေးခဲ့သည်။ ဗီယက်နမ် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ဟောင်ဝေါ့အိတ်စ်၏ ပတ်စ်ပို့မှာ ခိုင်မာမှုမရှိကြောင်း မစ္စတာဟောင်ဝေါ့ထံ အကြောင်းကြားခဲ့ပြီး နောက်ထပ်မည်သည့် ဖြေရှင်းချက်မျှ ထပ်မရတော့ကြောင်း ၎င်းက ပြောသည်။

 

“အမှန်တကယ်အကြောင်းအရာကတော့ ကျွန်တော်ဟာ ကင်ဂျုံအန်းနဲ့ ရုပ်ချင်းတူစွာ မွေးဖွားခဲ့ပြီး အဲဒါကသာ တကယ့်ရာဇဝတ်မှု” ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်းကို လေဆိပ်သို့ ပြန်လည်ပို့ဆောင်ရာတွင် ယူနီဖောင်း ဝတ်မထားသည့် လူသုံးဦးက လိုက်ပို့ဆောင်ပေးခဲ့သည်။

 

ရက်ဆဲလ်ဝှိုက်မှာမူ ဗီယက်နမ်တွင် ဆက်လက်နေထိုင်ခွင့်ရမည် ဖြစ်သည်။ သို့သော် ထရမ့်ကဲ့သို့ ဝတ်ဆင်ကာ လူထုရှေ့သို့ထွက်မလာရန် တောင်းဆိုထားသည်။

 

အေအက်ဖ်ပီ