ဇူလိုင် ၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီတွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ ၆၀၀ အထိ ရောက်ရှိလာပြီး ရောဂါဖြစ်ပွားမှုအတည်ပြုလူနာ ၁၇၅၉ ဦးရှိကြောင်း နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
စုစုပေါင်းလူနာ ၇၅၀ ဦးသည် လက်ရှိတွင် သီးခြားခွဲထားခံရခြင်း သို့မဟုတ် ဆေးရုံတက်နေရပြီး လူနာကုတင်အရေအတွက် ၉၄ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့နှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သော Bundibugyo အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခဲ့သော ကပ်ရောဂါသည် နိုင်ငံ၏ ၁၇ ကြိမ်မြောက် ဖြစ်ပွားသောအီဘိုလာကပ်ရောဂါ ဖြစ်သည်ဟု သိရသည်။ ထိုရောဂါဖြစ်ပွားမှုသည် အီတူရီ၊ မြောက်ကီဗူနှင့် တောင်ကီဗူ ပြည်နယ်သုံးခုရှိ ကျန်းမာရေးဌာန ၃၇ ခုကို ထိခိုက်စေခဲ့သည်။
ရောဂါဖြစ်ပွားမှုကိုတုံ့ပြန်ထိန်းချုပ်နေသည့်လုပ်ငန်းများသည် အခက်အခဲများစွာကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကာ ၎င်းတွင် သေဆုံးသူများထံမှ ရောဂါစစ်ဆေးရန် နမူနာယူခြင်းကို လူမှုအသိုင်းအဝိုင်းအချို့က လက်မခံခြင်း၊ ကုသရေးစွမ်းရည် မလုံလောက်ခြင်း၊ ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းခြေရာခံရာတွင် အားနည်းချက်များရှိခြင်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသော ဒေသများတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်မှုမရှိနှင့် ယင်းဒေသများသို့ ဝင်ရောက်ဆောင်ရွက်ရန် ကန့်သတ်ချက်များရှိနေခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


