ကင်ရှာဆာ   ဇူလိုင်   ၂၆

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိလာကြောင်း ဇူလိုင် ၂၅ ရက်တွင် တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နိုင်ငံအတွင်း လက်ရှိအချိန်တွင် အီဘိုလာရောဂါအတည်ပြုကူးစက်ခံရသူ ၃၀၇၅ ဦးရှိသည်။ ၎င်းတို့ အနက် သေဆုံးသူ ၁၃၅၄ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၅၅၆ ဦးနှင့် ဆေးရုံတွင် ကုသမှုခံယူနေသူ ၇၅၅ ဦးရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။ နိုင်ငံအတွင်းရှိ အိုင်တူယီ၊ မြောက်ကီဗူ၊ တောင်ကီဗူ၊ ဟော့ယူလီနှင့် ရှော်ပူဒေသများတွင် အီဘိုလာရောဂါကူးစက်မှုများ တွေ့ရှိနေရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်မျိုးကွဲဖြစ်သည့် Bundibugyo အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးကို  ပညာရှင်များက တီထွင်နေကြောင်း ဝန်ကြီးချုပ် Judith Suminwa Tuluka က ပြောကြားသည်။

အဆိုပါကာကွယ်ဆေးကို လေးလအတွင်း ရရှိမည်ဟုယူဆရပြီး အဆိုပါကာကွယ်ဆေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် အစိုးရက ရန်ပုံငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ