ဇူလိုင် ၂
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၁၄၀၆ ဦး ရှိပြီး သေဆုံးသူ ၄၃၈ ဦး ရှိကြောင်း အစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။
လူနာ ၁၉၂ ဦး ပြန်လည်ကောင်းမွန်လာပြီး အခြား ၆၀၉ ဦးသည် ကုသမှုခံယူ သို့မဟုတ် စောင့်ရှောက်မှုခံယူနေရကြောင်း ဖော်ပြထားသည်။
ထိုရောဂါဖြစ်ပွားမှုသည် အရှေ့ပိုင်းပြည်နယ်များဖြစ်သည့် အီတူရီ၊ မြောက်ကီဗူး နှင့် တောင်ကီဗူးတို့တွင် မြင့်မားနေဆဲဖြစ်ပြီး စောင့်ကြည့်ခြင်း၊ ဆေးကုသမှုနှင့် တုံ့ပြန်မှုလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အစိုးရက မော်တော်ယာဉ်များနှင့် လူနာတင်ယာဉ်များ၊ ဆေးဝါးများနှင့် ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်းနှင့် ဆက်သွယ်ရေးနှင့် ရပ်ရွာလူထုစည်းရုံးရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သည် မေလအလယ်ပိုင်းတွင် ရောဂါဖြစ်ပွားမှု (outbreak) ကို တရားဝင်ကြေညာခဲ့သည်။ ကျန်းမာရေးအာဏာပိုင်များနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကလည်း လုံခြုံရေးမတည်ငြိမ်မှု၊ လူဦးရေရွှေ့ပြောင်းသွားလာမှု၊ ကျန်းမာရေးဌာနများအပေါ် ဝန်ပိနေမှုနှင့် ထိတွေ့မှုခြေရာခံခြင်းမပြည့်စုံမှုများသည် ရောဂါထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်ရှုပ်ထွေး စေကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


