ကင်ရှာဆာ၊ မေ ၉

 

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ကျေးရွာသား ၄၀၀ နီးပါးသေဆုံးခဲ့ကြောင်း တောင်ကီဗူပြည်နယ် အုပ်ချုပ်ရေးမှူး သီယိုနွာဘီဂျီကာဆီက ပြောကြားသည်။

 

သေဆုံးခဲ့သူအများစုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုဒဏ်ကို အများဆုံး ခံခဲ့ရသော ဘူရှူရှူကျေးရွာနှင့် ညာမူကူဘီကျေးရွာ တို့တွင် အများဆုံးတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းအား အထောက်အပံ့ပေးရန် ဗဟိုအစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည်လည်း တောင်ကီဗူပြည်နယ်၏ မြို့တော် ဘူကာဗူသို့ မေ ၇ ရက်တွင် သွားရောက်ခဲ့ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူ ပက်ထရစ်မူယာယာက ပြောကြားသည်။

 

ကွန်ဂိုအစိုးရကလည်း မေ ၈ ရက်ကို သဘာဝဘေးဒဏ်သင့်သူများအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းနေ့အဖြစ်ကြေညာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း တောင်ကီဗူ ပြည်နယ်၌ ရေကြီးမှုကြောင့် လူနေအိမ်အလုံး ၆၀၀ ကျော် ပျက်စီးခဲ့ကာ အိမ်ထောင်စု ၇၈၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်