မေ ၁၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်။
နိုင်ငံ၏အရှေ့ပိုင်း တောင်ကီဗူပြည်နယ်တွင် မေလ ၂ ရက်နှင့် ၄ ရက်နေ့တို့က မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၁၀၀၀ ကျော်၊ စာသင်ကျောင်းများနှင့် အခြားသောအဆောက်အဦများ ရေစီးတွင်မျောပါသွားခဲ့သည်ဟု သိရသည်။
ဒေသတွင်းအာဏာပိုင်များ ခန့်မှန်းတွက်ချက်မှုအရ ထိုရေကြီးရေလျှံမှုတွင် သေဆုံးသူ ၄၂၂ ဦးထက်မနည်းရှိသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့( ယူနီဆက် )က မေလ ၉ ရက်နေ့က ပြောကြားခဲ့သည်။ လူပေါင်း ၅၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂအေဂျင်စီက ဆိုသည်။
ရေဘေးသင့်ဒေသများရှိလူများသည် ရေဘေးကြောင့် ပျက်စီးသွားသော နေအိမ်များမှ အမှိုက်သရိုက်များ ရှင်းလင်းနေပြီး ရွှံ့များဖယ်ရှားရန် ကြိုးစားနေပုံကို ရုပ်သံဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။
မြို့တော် ကင်ရှာဆာတွင် လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လူ ၁၆၉ ဦး သေဆုံးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို