ရန်ကုန် ဇန်နဝါရီ ၁၅

မြန်မာ့ပင်လယ်ပြင်တွင် ကင်းမွန်အထိအမိကောင်း၍ ပြည်တွင်းစားသုံးမှုအတွက် သာမက ပြည်ပဈေးကွက်အထိပါ တင်ပို့ရောင်းချရလျက်ရှိကြောင်း ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးမှ သိရသည်။

“ဒီရာသီမှာ ကင်းမွန်အထိအမိကောင်းတယ်။ သုံးလက်မအထက် အရွယ်အစားတွေကို ဟိုတယ်နဲ့ ပြည်ပကိုပို့ပြီး နှစ်လက်မအောက်ဆိုဒ်တွေကို ပြည်တွင်းဈေးကွက်ကို ပို့ပါတယ်။ ပင်လယ်ပြင်ကနေ ကင်းမွန် အများကြီးရပြီး ဈေးကွက်အဝင်များတဲ့အတွက် ပြည်ပကို ကောင်းကောင်းပို့နိုင်သလို ပြည်တွင်းစားသုံးမှု အတွက်လည်း အဆင်ပြေပါတယ်။ ဆောင်းရာသီ ပင်လယ်ပြင် နှင်းကျချိန်မှာ ကင်းမွန်အမိများတဲ့အတွက် ဒီလကုန်ပိုင်းဆိုရင် ပိုပြီးအဝင်များနိုင်ပါတယ်” ဟု ရွှေပိတောက်ငါးဈေးမှ ရေထွက်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ကင်းမွန်အများဆုံးဖမ်းမိရရှိလေ့ရှိပြီး အရွယ်အစား သုံးလက်မအောက် ကင်းမွန်များကို ပြည်တွင်းစားသုံးမှုအတွက် ရောင်းချလျက်ရှိပြီး အရွယ်အစား သုံးလက်မအထက် ကင်းမွန်များကို ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

အရွယ်အစား နှစ်လက်မအောက် ကင်းမွန်တစ်ပိသာလျှင် ၄၈၀၀ ကျပ်၊ နှစ်လက်မနှင့် သုံးလက်မကြား ကင်းမွန် တစ်ပိသာကျပ်လျှင် ၁၆၆၀၀ကျပ်၊ သုံးလက်မနှင့် ငါးလက်မကြား ကင်းမွန်တစ်ပိသာလျှင် ၂၅၀၀၀ ကျပ်နှင့် ငါးလက်မနှင့် ခြောက်လက်မကြား ကင်းမွန်းတစ်ပိသာလျှင် ၂၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစု ပင်လယ်ပြင်မှ ဆလုံတိုင်းရင်းသားများ ဖမ်းမိရရှိသည့် ကင်းမွန်များကိုလည်း ပြည်ပဈေးကွက်အတွက် မြိတ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ပြီး ကွန်တိန်နာ သင်္ဘောဖြင့် ပြည်ပသို့ အဆက်မပြတ် တင်ပို့ရလျက်ရှိသည့်အတွက် မြန်မာ့ကင်းမွန်များ ပြည်ပဈေးကွက် ပွင့်လန်းလျက်ရှိကြောင်း ရွှေပိတောက်ငါးဈေးမှ သိရသည်။   

ဓာတ်ပုံ - ဇွဲမာန်- သစ္စာ(MNA)