ဝန်းသို ၃၀ မတ်
ဝန်းသိုမြို့နယ် ကင်မွန်းခြုံကျေးရွာတွင် ဖရဲစိုက်တောင်သူများ၏ ဖရဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဖရဲသီးစိုက်ပျိုးသောတောင်သူ ဦးထွန်းထွန်းက ပြောသည်။
"ယခုနှစ်တွင် ဖရဲစိုက်ခင်းတစ်ဧကကို ပျမ်းမျှအားဖြင့် ၁၆ သိန်း ကုန်ကျပြီး သုံးဧက စိုက်ပျိုးထားကြောင်း၊ ဖရဲစိုက်ခင်း သုံးဧကကို ကားနှစ်စီးတိုက် ရရှိကြောင်း၊ ယခုနှစ် နယ်စပ်ဖရဲသီးပေါက်ဈေးမှာ ကားနှစ်စီးလျှင် သိန်း ၁၄၀ လောက် ရနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအထိ သယ်ယူစရိတ် ကားခတစ်စီးလျှင် ၂၃ သိန်း၊ ကားနှစ်စီးအတွက် ၄၆ သိန်း ကုန်ကျမည်ဖြစ်ကြောင်း၊ ဖရဲစိုက်ခင်း သုံးဧကအတွက် ကုန်ကျစရိတ် ၄၈ သိန်းနှင့် ကားနှစ်စီးအတွက် သယ်ယူစရိတ် ၄၆ သိန်းဖြစ်ပြီး စုစုပေါင်းကုန်ကျမှာ ၉၄ သိန်း ဖြစ်ကြောင်း၊ ဖရဲစိုက်ရာသီအတွက် သုံးဧကစိုက်လျှင် မိမိအတွက် ၄၆ သိန်းလောက် ကျန်မည်ဖြစ်ကြောင်း၊ မိမိ၏ ဖရဲသီးက စံချိန်မီလျှင် သိန်း ၆၀ အထိ မိမိအတွက် ကျန်နိုင်မည်ဖြစ်ကြောင်း" ဖရဲစိုက် တောင်သူ ဦးထွန်းထွန်းက ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိသားစုများ ဝင်ငွေတိုးပွားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း ၃၀၀ စီဖြင့် မတည်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ကင်မွန်းခြုံကျေးရွာသို့ ယင်းစီမံကိန်းချေးငွေရယူ၍ ဖရဲသီးစိုက်ပျိုးသော တောင်သူများ၏ ဖရဲခင်းများသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မွှေးကြူဇင်


