၁၂ ဇွန်

 


ချဒ်ရေကန်နယ်စပ် ကင်မရွန်းနိုင်ငံ၏ မြောက်ဘက်စွန်းဒေသ ဒါရတ်ခ် (Darak) မြို့တွင် ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၃၇ ဦးထိရှိကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ယမန်နေ့ ဖော်ပြခဲ့သည်။

 


အဆိုပါ တိုက်ခိုက်မှုတွင် အပြစ်မဲ့ အရပ်သား ၁၆ ဦး နှင့် စစ်သား ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘိုကိုဟာရမ် စစ်သွေးကြွ ၁၅ ဦး ခန့်ကို ဖမ်းဆီးရမိခဲ့သည်။ပျောက်ဆုံးနေသော အပြစ်မဲ့အရပ်သားများနှင့် စစ်သားများကို ရှာဖွေမှုများလုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 


ပြီးခဲ့သည့် တနင်္ဂနွေနေ့ညပိုင်းက ဘိုကိုဟာရမ်စစ်သွေးကြွများ တိုက်ခိုက်ခဲ့ကြပြီး တနင်္လာနေ့ မွန်းလွဲပိုင်းအထိတိုင် ကင်မရွန်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။

 


ဘိုကိုဟာရမ်တို့၏ မဆင်မခြင် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်ခံရသူအချို့မှာ ချဒ်ရေကန်အတွင်းသို့ ပြုတ်ကျခဲ့သဖြင့် ထိုအလောင်းများကို ပြန်ဆယ်ယူခဲ့ကြကြောင်း  ၎င်းတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 


ထိုတိုက်ခိုက်မှုသည် ယခုနှစ်စ ကတည်းက ယင်းဒေသတွင် အဆိုးဆုံးအကြမ်းဖက်မှု ဖြစ်သည်။

 


ကိုးကား - ဆင်ဟွာ   
ဘာသာပြန် - မြင့်မြင့်ချို