နိုဝင်ဘာ ၂၉

ကင်မရွန်းနိုင်ငံ၏မြောက်ဖျားဒေသတွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယမန်နေ့က လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများနှင့်လုံခြုံရေးအရင်းအမြစ်များ၏ပြောကြားချက်အရသိရသည်။

အဆိုပါလှေသည် လော့ဂွန်အက်ချာရီတိုင်းဒေသကြီးရှိ ဒါရတ်ခ်ကျွန်းမှခရီးသည်များကို တင်ဆောင်လာစဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများက လှေတိမ်းမှောက်မှုကြောင့် ထိခိုက်သေဆုံးသူများကိုရှာဖွေနေဆဲဖြစ်ရာ ထိခိုက်သေဆုံးသူ ပိုမိုများပြားလာဖွယ်ရှိသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် ကနဦးစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု လုံခြုံရေးအရင်းအမြစ်များက ဆိုသည်။

၎င်းဒေသတွင် ရာသီဉတုဆိုးရွားမှု၊ စက်ချွတ်ယွင်းမှုနှင့် မတန်တဆဝန်ပိုတင်ဆောင်မှုများကြောင့် လှေမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို