ဇွန် ၂၆

ကင်မရွန်းနိုင်ငံ၏အနောက်တောင်ဘက် စီးပွားရေးအချက်အချာကျသော ဒိုအာလာမြို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၁၀၅ ဦး ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါအစာအဆိပ်သင့်မှုကြောင့် Laquintinie နိုင်ငံပိုင်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သူများတွင် ကလေးငယ် ၉၉ ဦးနှင့် အရွယ်ရောက်သူ ခြောက်ဦးတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစာအဆိပ်သင့်လူနာအများစုသည် ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်သွားသော်လည်း အခြားခြောက်ဦးသည် အခြေအနေစိုးရိမ်နေရဆဲဖြစ်သည်ဟု ထိုဆေးရုံကဆိုသည်။

ဒိုအာလာမြို့၏ New Bell ရပ်ကွက်ရှိ အခမ်းအနားတစ်ခု၌ သန့်ရှင်းမှုအားနည်းသောဘီစကစ်ကို စားသုံးမိခြင်းကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်သည်ဟုယူဆရကြောင်း ဒေသခံများကသတင်းထောက်များကို ပြောကြားသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဟု လစ်တိုရယ်ဒေသအုပ်ချုပ်ရေးမှူး ဆာမူအယ်ဒီဘိုအာက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို