နိုင်ရိုဘီ ဩဂုတ် ၂၃
နိုင်ငံအနှံ့အပြားတွင် မိုးခေါင် ရေရှားမှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိသည့် ကင်ညာနိုင်ငံသား အရေအတွက်သည် လက်ရှိ ၄ ဒသမ ၁ သန်းထက် အောက်တို ဘာလတွင် ၄ ဒသမ ၃၅ သန်း အထိရှိလာနိုင်သည်ဟု နိုင်ငံပိုင် အေဂျင်စီတစ်ခုက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။
အမျိုးသား မိုးခေါင်ရေရှားမှု စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ) ၏ အဆိုအရ မိုးနည်းရေရှား ဒေသများတွင် အဓိကအားဖြင့် ခရိုင် ၂၃ ခုသည် ရေမလုံလောက်မှု၊ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို ပိုမိုဆိုးရွားစေသည့် ပြင်းထန်ခြောက်သွေ့သော အခြေအနေနှင့် ရင်ဆိုင် နေကြရသည်။
ကန္တာရ ကျိုင်းကောင်များ ကျရောက်ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါတို့နှင့်အတူ စတုတ္ထမြောက် မိုးရာသီအထိ ဆက်တိုက်မိုးခေါင်နေခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံမှု အခြေအနေမှာ ပိုမိုယိုယွင်းလာကြောင်း အင်န်ဒီအမ်အေက ကင်ညာမြို့တော် နိုင်ရိုဘီ၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
သြဂုတ်လ တစ်လတည်း၌ပင် မိုးနည်းရေရှားမြေများ၏ ၉၅ ရာခိုင်နှုန်းသည် ဆိုးရွားစွာခြောက်သွေ့ပြီး မွေးမြူရေးသမားများနှင့် လယ်သမားများ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုဒဏ်ကို ကြုံတွေ့ရနိုင်ကြောင်း၊ စားကျက်နှင့် ရေမရှိခြင်းကြောင့် ကင်ညာနိုင်ငံ၏ မြောက်ပိုင်းနယ်စပ်ဒေသ၌ တိရစ္ဆာန်သေဆုံးမှုများ တိုးလာကြောင်း အင်န်ဒီအမ်အေ ၏ အမှုဆောင်အရာရှိချုပ် ဟာရက် ဟက်ဆန် အာဒန် က ဆိုသည်။ အန်ဒီအမ်အေ၏ အဆိုအရ အသက်ခြောက်လမှ ၅ နှစ်အတွင်း ကလေး ၈၈၄၄၆၄ ဦး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၁၅၇၂၅ ဦးတို့မှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသည်။
ကင်ညာအစိုးရသည် မိုးခေါင် ရေရှားတုံ့ပြန်မှု မြှင့်တင်ရန်အတွက် နိုင်ငံတကာ အေဂျင်စီများနှင့် ဒေသတွင်း ပရဟိတအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ခန့်မှန်းခြေ ၁၀ ရှီလင် (အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၅၀ သန်း) လှူဒါန်းခဲ့ ကြောင်း အာဒန်က ထပ်လောင်း ပြောကြားသည်။
ဆင်ဟွာ