နိုင်ရိုဘီ၊ ဧပြီ ၁၈
ကင်ညာနိုင်ငံမှ “Taifa 1” ဟု အမည် ပေးထားသည့် ပထမဆုံးဂြိုဟ်တုကို ဧပြီ ၁၅ ရက်က အာကာသတွင်းသို့ လွှတ်တင် ခြင်းဖြင့် အာကာသစူးစမ်းလေ့လာရေးတွင် မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ကြောင်း သိရသည်။
ကင်ညာအင်ဂျင်နီယာများက တီထွင်ထားသည့် အဆိုပါကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုကို အမေရိကန် ပြည်ထောင်စု၊ ဗန်ဒန်ဘာ့ဂ်အာကာသ စခန်းရှိ Falcon-9 full-thrust ဒုံးပျံပေါ်တွင် တင်ဆောင်၍ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဂြိုဟ်တုလွှတ်တင်မှုအား ရာသီဥတု ပြောင်းလဲမှုကဲ့သို့သော မျက်မှောက်ခေတ် ဂေဟဗေဒဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းခြင်းဆိုင်ရာ အာကာသသိပ္ပံကြိုးပမ်းမှုအဖြစ် တာဝန်ရှိသူများက ဖော်ပြခဲ့သည်။
အဆိုပါဂြိုဟ်တုသည် ရာသီဥတုဆိုင်ရာဖြစ်စဉ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် အကူအညီပေးနိုင်မည့် ပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်ကြောင်း ကင်ညာ အာကာသအေဂျင်စီမှ အင်ဂျင်နီယာ Alloyce Were က ပြောကြားခဲ့သည်။
အဆိုပါဂြိုဟ်တုအား လုပ်ငန်းဆောင်ရွက်နိုင်ရန် တပ်ဆင်တည်ဆောက်စရိတ် ရှီလင်သန်း ၅၀ (ဒေါ်လာ ၃၇၂၀၀၀ ခန့်) ကုန်ကျခဲ့ပြီး သစ်တောထိန်းသိမ်းရေးနှင့် မြို့ပြစီမံခန့်ခွဲရေး လုပ်ငန်းများကိုလည်း အဆိုပါဂြိုဟ်တုဖြင့် ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Taifa 1 သည် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ တောမီးလောင်ကျွမ်းမှုများကို စောင့်ကြည့်ခြင်းနှင့် စားရေရိက္ခာရှားပါးမှုတိုက်ဖျက်ခြင်းကဲ့သို့သော လုပ်ငန်းများတွင်လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ကင်ညာအာကာသအေဂျင်စီက ဆိုသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ