နိုင်ရိုဘီ ဖေဖော်ဝါရီ ၁၀
အာဖရိကဒေသတွင် အစိမ်းရောင် စွမ်းအင်ကူးပြောင်းရေးအတွက် The Intersolar Africa 2026 ဟုအမည်ရသည့် ဆိုလာစွမ်းအင်ပြပွဲတစ်ခုကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆိုလာလုပ်ငန်းများမှ ဆိုလာစွမ်းအင်ဆိုင်ရာနည်းပညာများကို ပြသခဲ့သည်။ ၎င်းပြပွဲသို့ အစိုးရတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းများမှ အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အာဖရိကဒေသတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုး သက်ရောက်မှုများ ခံနိုင်ရည်ရှိစေရေးနှင့် အစိမ်းရောင်စွမ်းအင်ကူးပြောင်းရေးအတွက် ဆိုလာနည်းပညာများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကင်ညာနိုင်ငံ စွမ်းအင်နှင့်ရေနံဝန်ကြီးဌာန တာဝန်ရှိသူ အဲလပ်ဝါချီယာက ပြောကြားသည်။ ဆိုလာစွမ်းအင်သည် အာဖရိကဒေသ အစိမ်းရောင် စွမ်းအင်ကူးပြောင်းရေးနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဖြည့်တင်းရေးအတွက် ပဓာနကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း စွမ်းအင်ဌာနတာဝန်ရှိသူ ဝက်စလေကီယီဂိုက ပြောကြားသည်။ နိုင်ငံအတွင်း၌ လက်ရှိအချိန်တွင် ဆိုလာလျှပ်စစ်တပ်ဆင် ထုတ်လွှတ်မှုများပြားလာကြောင်း သိရသည်။ ကင်ညာနိုင်ငံ၏ ဆိုလာလျှပ်စစ်ထုတ်လွှတ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် ၂၉၃၅ မီဂါဝပ်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၄၉၈ မီဂါဝပ်သို့ ရောက်ရှိခဲ့သည်။ အာဖရိကဒေသသည် ဆိုလာလျှပ်စစ်ထုတ်ကုန်များအတွက် ဈေးကွက်ဖြစ်လာကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆိုလာစွမ်းအင်ကောင်စီမှ တာဝန်ရှိသူ အက်ဆာက ပြောကြားသည်။ ဒေသတွင်း ယမန်နှစ်တွင် ဆိုလာလျှပ်စစ်ထုတ်လွှတ်မှု ၄ ဒသမ ၅ ဂီဂါဝပ်ရှိလာကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


