နေပြည်တော်  ၄ မတ်  

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် Grade-3 အဆင့်ရှိ Future Series မှ Kenya International  2019   ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    မြန်မာကြက်တောင်အားကစားမယ်   သက်ထားသူဇာသည်  ပြိုင်ဘက်ကစားသမားများကို  နှစ်ပွဲပြတ်များဖြင့်  အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့သည်။

 

ဆက်တိုက်ယှဉ်ပြိုင်

 

သက်ထားသူဇာသည်  ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် Grade-3 အဆင့်ရှိပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး International Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယဆုတစ်ကြိမ်၊  Future Series ကြက်တောင်ပြိုင်ပွဲတွင်  ချန်ပီယံဆုတစ်ကြိမ်  ရရှိခဲ့သည်။

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ ခုနှစ် မတ်လအထိ ပြိုင်ပွဲလေးပွဲ ယှဉ်ပြိုင်ခဲ့ရာ  ပြိုင်ပွဲတိုင်းဆုရခဲ့ပြီး  ချန်ပီယံဆုသုံးကြိမ်၊  ဒုတိယဆုတစ်ကြိမ် ရရှိခဲ့သည်။

 

သက်ထားသူဇာသည်  ယင်းပြိုင်ပွဲတွင်    ၃၂  ဦး အဆင့်မှ ယှဉ်ပြိုင်ခဲ့ရပြီး ရာဖီ (ယူဂန္ဓာ) ကို ၂၁-၁၀ မှတ်၊ ၂၁-၅ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ၁၆ ဦး အဆင့်တွင်ဂါနီရှာ (မောရစ်သျှ)ကို ၂၁-၈ မှတ်၊ ၂၁-၈ မှတ်ဖြင့်နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် ဆာမင် (အီရန်)ကိုနှစ်ပွဲပြတ်၊    ဆီမီးဖိုင်နယ်တွင်   ဟာဒီရာ ဟို   ဆနီ(အီဂျစ်) ကို ၂၁-၇၊ ၂၁-၇  မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲတွင် အမ်မီရို (ဂျော်ဒန်)ကို ၂၁-၁၀၊ ၂၁-၁၀ မှတ်ဖြင့်နှစ်ပွဲပြတ်အနိ်ုင်ရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲနှစ်ခုတွင် ဗိုလ်စွဲသက်ထားသူဇာသည်  ယခုပြိုင်ပွဲမတိုင်မီက ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင်လည်း     ဗိုလ်စွဲခဲ့ရာ ရက်ပိုင်းအတွင်း ပြိုင်ပွဲနှစ်ခုတွင် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

 

ရှိုင်းထက်ဇော