နိုင်ရိုဘီ၊ အောက်တိုဘာ ၈
ကင်ညာနိုင်ငံ၌ လူပေါင်းတစ်သန်းထက်မနည်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှု စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင် ပြောသည်။
ထိုကဲ့သို့ ကြုံတွေ့နေရသူများမှာ ကင်ညာနိုင်ငံ၏ ခရိုင် ၄၇ ခုအနက် ၂၃ ခုမှ ဖြစ်ကြောင်းသိရသည်။ ပြင်းထန်သော အာဟာရချို့တဲ့မှုကို ကုသရန်လိုအပ် သော အသက်ခြောက်လမှ ၅၉ လအထိ ကလေး အရေအတွက်မှာ ဖေဖော်ဝါရီလတွင် ၈၄၇၉၃၂ ဦးရှိ ရာမှ ဩဂုတ် ၇၆၀၄၈၈ ဦးအထိ ကျဆင်းသွား ကြောင်း တွေ့ရှိသည်ဟု အာဏာပိုင်များက ပြောသည်။
ပြင်းထန်သော အာဟာရချို့တဲ့မှုအတွက် ကုသမှုခံယူရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် စုစုပေါင်းမှာ ၁၁၂၄၀၁ ဦးအထိရှိကြောင်း သိရသည်။ အာဖရိကဦးချိုဒေသတွင် စားနပ်ရိက္ခာ မလုံလောက်သူ အရေအတွက်မှာ ၆၆ ဒသမ ၇ သန်းရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အာဏာပိုင် အဖွဲ့တို့က ဇူလိုင်လတွင် အစီရင်ခံဖော်ပြထားသည်။
၎င်းတို့အနက် ၃၉ ဒသမ ၁ သန်းမှာ ဂျီဘူတီ၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန္ဓာနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ