နိုင်ရိုဘီ မတ် ၈
ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ ၌ ညလုံးပေါက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၂၈ ဦး အထိရှိလာသည်ဟု ရဲတပ်ဖွဲ့က မတ် ၈ ရက်တွင် ပြောသည်။
ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်
မြို့အချို့နေရာများတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မတ် ၇ ရက် ညနေပိုင်းက သေဆုံးသူ ငါးဦးကို ထပ်မံတွေ့ရှိခဲ့သည်ဟု နိုင်ရိုဘီ ရဲမှူးဂျော့ချ်ဆီဒါက ပြောသည်။
မော်တော်ယာဉ်များ ရေမြုပ်
ရေကြီးမှုကြောင့် မော်တော်ယာဉ်များ ရေမြုပ်ခဲ့ပြီး အချို့သောနေရာများတွင် ယာဉ်မောင်းများ ကုန်းမြင့်ရာနေရာသို့ ထွက်ပြေးခဲ့ရသည်။ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသေးသည့်အတွက် နောက်ထပ် လူသေဆုံးမှုများ တွေ့ရှိနိုင်သေးသည်ဟု ဆီဒါက ပြောသည်။
နောက်ထပ်လူသေဆုံးမှုများရှိနိုင်
ရေကြီးမှုဖြစ်ပေါ်နေသည့် နေရာများနှင့်ကားပါကင်အချို့ကို ဝင်ရောက်၍ မလွယ်ကူသေးသည့်အတွက် နောက်ထပ်လူသေဆုံးမှုများ ရှိနိုင်သေးသည်ဟု ခန့်မှန်းထားသည်။
လူပေါင်း ၃၀ ခန့် ကယ်တင်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမှုကျယ်ကျယ်ပြန့် ပြန့်ဖြစ်ပေါ်ကာ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခြင်းနှင့် လမ်းများပိတ်ထားရပြီး ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုအချိန်အထိ နေရာအနှံ့မှ လူပေါင်း ၃၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ကူညီထောက်ပံ့မှုများပေး ထားကြောင်း သိရသည်။
နိုင်ငံအစိတ်အပိုင်းအများစုတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ရေကြီးခြင်း၊ မြစ်ချောင်းများ ပြည့်လျှံခြင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ပေါ်စေနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားခဲ့သည်။
ဆင်ဟွာ


