မြစ်ကြီးနား ၉ ဒီဇင်ဘာ 

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် ကချင်ပြည်နယ်ကိုယ်ပိုင်ကျောင်းများအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် ကင်းထောက်အခြေခံသင်တန်း (၁/၂၀၁၉)သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ (၈)ရက် မွန်းလွဲ(၂)နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့်ကင်းထောက်အစီအစဉ်မှူးချုပ်ဦးအေးကြိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကင်းထောက်မောင်မယ်တို့က ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြပြီး ကင်းထောက်အခြေခံသင်တန်း (၁/၂၀၁၉)သင်တန်းသား/သူများက ကင်းထောက်ကတိသစ္စာ ခံယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က သင်တန်းဆင်းအမှာစကားပြော ကြားရာ “မိမိကိုးကွယ်တဲ့ ဘာသာနှင့်တိုင်းပြည်အတွက် အကောင်းဆုံးအလုပ်လုပ်ကြပြီး သူတစ်ပါး အတွက် အချိန်မရွေးကူညီကြမဲ့ ကင်းထောက်ကျင့်ဝတ်(၁၀)ပါးနဲ့ မိမိဂုဏ်သိက္ခာကို တန်ဖိုးထားကြကာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဦးထိပ်ထား၍ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့တော်ခန်းမမှာ ဩဂုတ်လ (၁၆)ရက်နေ့က ကင်းထောက်များနှင့်တွေ့ဆုံပွဲမှာ “ကင်းထောက်မောင်မယ်များ ကိုယ့်ရဲ့တန်ဖိုးတွေကို တစ်နိုင်ငံလုံးသို့ ပြန့်ပွားအောင်ကြိုးစားကြပါလို့”မှာကြားမှုကို ယုံကြည်လေးစားစွာ လိုက်နာအကောင် အထည်ဖော်နိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်သင်တန်းကာလ၏ လှုပ်ရှားမှုနှင့်ပတ်သက်သည့် ပုံရိပ်များကို ဗီဒီယိုမှတ်တမ်းဖြင့် ဖွင့်လှစ်ပြသပေးခဲ့ပြီး၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့်ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က အမှာစကားပြောကြားပြီးနောက် “ငြိမ်းချမ်းရေး၏သံတမန်များ” တေးသီချင်းဖြင့် ကင်းထောက်မောင်မယ်တို့က သီဆိုသရုပ်ဖော်ဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး မြစ်ကြီးနား မြို့ကိုယ်ပိုင်အထက်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူ(၃၆၅)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
    
ပြည်နယ်ပြန်/ဆက်