ရန်ကုန် ၂၀ ဇူလိုင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခဲ့သည်။ အဆိုပါ အခမ်းအနားသို့တက်ရောက်ကြသည့် ကင်းထောက်ကြီးများ၊ ကင်းထောက်ငယ်များ၊ ငှက်ပြာကင်းထောက်ငယ်များ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်-
ဒေါက်တာတင်ညို (အမျိုးသားကင်းထောက်ချုပ်)
ဒီနေ့ဟာ မြန်မာနိုင်ငံ ကင်းထောက်သမိုင်းမှာ မှတ်တမ်းတင်ရမယ့်နေ့ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်းဟာ ကင်းထောက်လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့ကြီးမားတဲ့ ရလဒ်ကောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နဲ့ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး အဖွဲ့တို့ရှိပါတယ်
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှာ အစဉ်အလာအားဖြင့် ကင်းထောက်ချုပ်ကြီး (Chief Scout) က တာဝန်ယူရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကင်းထောက်ချုပ်ကြီးများဟာ နိုင်ငံအကြီးအကဲတွေ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံဘုရင်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတို့ရဲ့ သမ္မတတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့က ကင်းထောက်ချုပ်ကြီးတွေဖြစ်ကြပြီး မလေးရှားနိုင်ငံ ဘုရင်နဲ့ ဆူလတန်တွေဟာ နာယကကြီးတွေဖြစ်ကြပါတယ်။
ကင်းထောက်လုပ်ငန်းဟာ အလွန်မွန်မြတ်ပြီး ကင်းထောက်ကတိကျင့်ဝတ်များကို ခံယူကာ အများအကျိုး အစဉ်သယ်ပိုးတတ်တဲ့ တန်ဖိုးရှိ၊ တန်ဖိုးသိလူငယ်တွေကို လေ့ကျင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံက အားကိုးအားထားရမယ့် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးလှပါတယ်။ အခုလို လေ့ကျင့်ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေက နာယကကြီးတွေ၊ လူမှုရေးဝန်ကြီးတွေက ဥက္ကဋ္ဌကြီးတွေနှင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပညာရေးမှူးတွေက အတွင်းရေးမှူးတွေ အဖြစ်ခေါင်းဆောင် ဖွဲ့စည်းလှုပ်ရှားကြမှာ ဖြစ်ပါတယ်။ အလားတူ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် မကြာမီအချိန်အတွင်း ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အသီးသီးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်
နိုင်ငံတော်ရဲ့ ကောင်းမွေတစ်ခုကို ပေးအပ်လွှဲပြောင်းနိုင်ဖို့ မိဘပြည်သူတွေလည်း ပါဝင်လာကြစေလိုပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာနဲ့အညီ နိုင်ငံတကာနဲ့ တန်းတူဖြစ်လာစေဖို့ အထူးကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။
ဒေါက်တာ ဒေါ်တင်လှကြည် (အမျိုးသမီးကင်းထောက်ချုပ်)
ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်တွေကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ဘဝက ကင်းထောက်ဖြစ်ခဲ့ပြီး ဒီနေ့အထိ ကင်းထောက်စိတ်ဓာတ် ရှင်သန်နေသူ ဖြစ်ပါတယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်းမှာ ကင်းထောက်လူငယ်မောင်မယ်တွေသာမက နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာလူငယ်မောင်မယ်များ အထူးမှတ်ယူသင့်၊ လိုက်နာသင့်တဲ့အကြောင်းအရာတွေပါပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခမ်းအနားမှာ ၎င်းငယ်စဉ် ကင်းထောက်ဘဝက သီဆိုခဲ့တဲ့ သီချင်းတွေကို ပြန်လည်သတိတရ ရွတ်ဆိုသွားတဲ့အပြင် ကင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ် (၁၀) ပါးရဲ့ အရေးပါမှု၊ လေးနက်မှုကိုလည်း မီးမောင်းထိုးပြသွားပါတယ်။
ဒီနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ရဲ့ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ မှာကြားချက်တွေ၊ ယုံကြည်ချက်တွေ ပါရှိတဲ့အတွက် ကျွန်မတို့ကင်းထောက်အမျိုးသား၊ အမျိုးသမီးကြီးတွေ၊ နောင်အနာဂတ်မှာ ခေါင်းဆောင်ဖြစ်မယ့် ကင်းထောက်လူငယ်မောင်မယ်တွေ၊ ကင်းထောက်ငယ် (Cub Scout)၊ ငှက်ပြာ ကင်းထောက်ငယ် (Blue Bird) ကလေးငယ်တွေက လေးစားလိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။
ဦးအေးကြိုင်(ကင်းထောက်အစီအစဉ်မှူးချုပ်)
မြန်မာနိုင်ငံ ကင်းထောက်သမိုင်းကို ပြန်ပြောင်းကြည့်ရင် ၁၉၁၆ ခုနှစ်ကတည်းက ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ၁၉၆၄ ခုနှစ်မှာ ကင်းထောက်လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ၄၈ နှစ်အကြာ ၂၀၁၂ခုနှစ်မှာ နိုင်ငံတော်ရဲ့လမ်းညွှန်မှု၊ ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် မြန်မာနိုင်ငံကင်းထောက်လုပ်ငန်းတွေ ပြန်လည်ရှင်သန်ခွင့် ရရှိခဲ့ပါတယ်။ သို့သော်မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းများ၊ ပတ်ဝန်းကျင်နိုင်ငံများရဲ့အလယ်မှာ အနှစ် ၅၀ ခန့် နောက်ကျ ကျန်ရစ်ခဲ့မှုကြောင့် မွန်မြတ်တဲ့ စိတ်ထားအလှနဲ့ တည်ထောင်ဖွဲ့စည်းထားတဲ့ ကင်းထောက်လူငယ်တွေရဲ့ စွမ်းဆောင်မှုတွေကို နိုင်ငံတော်အတွက် အကျိုးမပြုနိုင်ဘဲ ပြည်သူတွေကလည်း သိရှိနားလည်မှု၊ အားပေးစောင့်ရှောက်မှု၊ အားနည်းခဲ့ပါတယ်။
တစ်ချိန်က နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်၊ မန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနုတို့က ကင်းထောက်အကြီး အကဲတွေအဖြစ် ဂုဏ်ပြုတာဝန်ထမ်းဆောင်ခဲ့သလို အမျိုးသား ခေါင်းဆောင် လွတ်လပ်ရေးရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူမဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကိုယ်တိုင် ကင်းထောက်မင်းကြီးချုပ်တာဝန်ကို ကင်းထောက်မောင်မယ်လူငယ်များနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုနည်းတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိခင်ရဲ့အမွေကို ဆက်ခံတဲ့အနေနဲ့ရော ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ၊ သမ္မတတွေက ကင်းထောက်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့နည်းတူ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ဂုဏ်ပြု တာဝန်ထမ်းဆောင်တဲ့ ကတိခံယူပွဲကို ရန်ကုန်စိန်ရတုခန်းမမှာ ကင်းထောက်နာယကကြီးတွေ ဖြစ်ကြတဲ ပြည်ထောင်စု ဝန်ကြီးတွေ၊ ကင်းထောက်ချုပ်တွေ၊ မြန်မာနိုင်ငံ ကင်းထောက်ကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရကိုယ်စား လူမှုရေးဝန်ကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးတွေခြံရံပြီး ကင်းထောက်ကတိခံယူပွဲ ကျင်းပမှုအတွက် ကျွန်တော်တို့မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နဲ့ ကင်းထောက်ကြီးတွေ၊ တက္ကသိုလ်ကင်းထောက် လူငယ်တွေ၊ ကင်းထောက်တွေ၊ ကင်းထောက်ငယ်တွေ (Cub Scouts)၊ ငှက်ပြာ အမျိုးသမီး ကင်းထောက်ငယ်တွေ (Blue Birds) က များစွာဂုဏ်ယူဝမ်းမြောက်လျက် ရှိပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကင်းထောက်အဖွဲ့ဆိုတာဟာ လူသား အကျိုးပြုလို့ ပြောခြင်းထက် လောကအကျိုးပြုတဲ့အဖွဲ့လို့ ဆိုချင်ပါတယ်။ လောကအကျိုးအတွက် စေတနာလုပ်ငန်းတွေ၊ အကောင်းဆုံးဖြစ်ဖို့ ကူညီဆောင်ရွက်မယ့် အဖွဲ့လို့ပြောရင်ပိုပြီး အဓိပ္ပာယ်ပြည့်စုံမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာတဲ့နေရာမှာ ရာထူးနေရာထက် ပင်ကိုစာရိတ္တကောင်းပြီး ကိုယ်ရည်ကိုယ်သွေး ရှိသူတွေက တစ်ပါးသူတွေရဲ့ အကျိုးအတွက် အများကောင်းကျိုးကို လိုလားပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းထားတဲ့ ကင်းထောက်အဖွဲ့အစည်းမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ လမ်းညွှန်ပြောကြားချက်တွေအရ ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှသည် နိုင်ငံတစ်ဝန်းအေးချမ်းပါစေ၊ ညီညွတ်ငြိမ်းချမ်းပါစေလို့ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။
ဒေါ်အိအိခင် (ကင်းထောက်သင်တန်း တာဝန်ခံ-အထက်မြန်မာပြည်)
ကျွန်မက အထက်မြန်မာပြည် ကင်းထောက်သင်တန်းတာဝန်ခံဖြစ်ပြီး ကင်းထောက်လုပ်ငန်းကို ၂၀၁၇ ခုနှစ်ကစပြီး ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ အခမ်းအနားကို တက်ရောက်ခွင့်ရပြီး သြဝါဒလမ်းညွှန်မှာကြားမှုတွေကို ခံယူခွင့်ရခဲ့ပါတယ်။
ကင်းထောက် အကြီးအကဲဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဝါဒလမ်းညွှန်မှုတွေကို ခံယူရတဲ့အတွက် ကျွန်မတို့နိုင်ငံ ရှေ့ဆက်ဆောင်ရွက်ရမယ့် ကင်းထောက်လုပ်ငန်းတွေအတွက် ခွန်အားအသစ်တွေ ထပ်လောင်း ဖြည့်ဆည်းပေးလိုက်သလို ခံစားရပါတယ်။ ရှေ့ဆက်ပြီး နိုင်ငံတော်အတွက် လိုအပ်နေတဲ့ကွက်လပ်တွေကို ကင်းထောက်အဖွဲ့ဝင်တွေနဲ့အတူ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
မသီရိအောင်(ကင်းထောက်ငယ်-Cub Scout)
ကျွန်မက Brainworks TOTAL International School ရန်ကုန်က စတုတ္ထတန်းကျောင်းသူ Cub Scout အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ကင်းထောက်အဖွဲ့ကြီးရဲ့ အကြီးအကဲအဖြစ် ကတိခံယူပွဲကို ကျောင်းကင်းထောက်ငယ် အဖွဲ့ဝင်တွေထဲက ရွေးချယ်ပြီး တက်ရောက်ခွင့်ရလို့ အထူးဂုဏ်ယူပါတယ်။ ကျွန်မတို့ရဲ့ အကြီးအကဲအဖြစ် ခံယူလိုက်တဲ့ အမေစုရဲ့ ပြောကြားမှာကြားချက်တွေကို ကျွန်မတို့ကင်းထောက်ငယ်တွေက လိုက်နာပြီး ကျောင်းမှာ အမှိုက်ကောက်တာတွေ၊ ဆေးရုံမှာ အစားအစာလှူဒါန်းတာတွေ၊ သစ်ပင်စိုက်တာတွေ၊ အခုထက်ပိုမိုဆောင်ရွက်ပြီး မိဘမဲ့ဂေဟာမှာ ရှိတဲ့ ကလေးတွေအတွက် ကစားနည်းတွေကို ပညာပေးသွားရောက်ကစားတာတွေ၊ မုန့်လှူဒါန်းတာတွေနဲ့ ကင်းထောက်ငယ်တွေရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
မပြည့်မွန်ခင် (ငှက်ပြာအမျိုးသမီးကင်းထောက်ငယ်-Blue Bird)
ကျွန်မက အထက (၂) စမ်းချောင်း စတုတ္ထတန်းကဖြစ်ပါတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေအရ ကျွန်မတို့အနေနဲ့ အခုထက်ပိုမိုပြီး လူတစ်ဖက်သားကိုကူညီချင်စိတ်တွေ၊ မိဘကို ကူညီချင်စိတ်တွေနဲ့ သူငယ်ချင်းအချင်းချင်း ရိုင်းပင်းလိုစိတ်တွေ ပိုမိုဖြစ်ပေါ်လာပါတယ်။ ကျွန်မရဲ့ အဘိုးအဘွားတွေက ကင်းထောက်ကြီးတွေဖြစ်ပြီး အဘိုးအဘွားတို့ရဲ့ ကင်းထောက်စိတ်ဓာတ်ကို ငယ်စဉ်ကပဲ လေးစားလိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ ငယ်စဉ်က အမေဒေါ်အောင်ဆန်းစုကြည်ဟာ ကင်းထောက်အမျိုးသမီးငယ် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ကင်းထောက်စိတ်ဓာတ်နဲ့ ကြိုးစားခဲ့ရာမှာ အခုအချိန် နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်နိုင်သလို ကျွန်မတို့လည်း အမေစုလို တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းဖြစ်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
မောင်မင်းဆက်ဟိန်း(ကင်းထောက်ငယ်-Cub Scout)
ကျွန်တော်က ကျောက်ဆည်မြို့မေတ္တာ ကိုယ်ပိုင်အထက်တန်းကျောင်း တတိယတန်းက ကင်းထောက်ငယ် တစ်ဦးဖြစ်ပါတယ်။ ကင်းထောက်ငယ်(Cub Scout) ဖြစ်ရတာကို စိတ်ဝင်စားပြီး သင်တန်းတွေ တက်ရတဲ့အတွက် ကင်းထောက်ရဲ့ အခြေခံတွေကိုသိရပြီး သူများကို ကူညီချင်စိတ်၊ စုပေါင်းလုပ်ဆောင်လိုစိတ်တွေ၊ ကင်းထောက်ငယ်ရဲ့ ကတိကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်မယ့်ကင်းထောက်ငယ်မှ ကင်းထောက်၊ တက္ကသိုလ် ကင်းထောက်ဖြစ်ဖို့ဆက်လက် ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံဦးတင်မောင်လတ် (ကင်းထောက်ကြီး)