ရန်ကုန်  ၁၀  အောက်တိုဘာ

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကကြီးမှူး၍ ကင်းထောက်ငယ် (Cub Scout) အခြေခံ သင်တန်း(၁/၂၀၁၉)ကို မန္တလေးတိုင်းဒေသကြီး CAE ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အောက်တိုဘာ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်ငယ် သင်တန်းတာဝန်ခံ ဒေါ်သစ်သစ်ဦး၊ လူငယ်ကင်းထောက် ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းနှင့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်အသီးသီးမှ တက္ကသိုလ်ကင်းထောက် (၂၂)ဦးတို့က နည်းပြများအဖြစ် ဖွင့်လှစ်သင်ကြားပို့ချရာ သင်တန်းသို့ ဆရာ ဆရာမ (၄၇)ဦးနှင့် ကျောင်းသားကျောင်းသူ (၂၅၂)ဦး တက်ရောက်သင်ကြားခဲ့ကြသည်။

 

ယင်းသင်တန်းတွင် CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းနှင်းမော်က ကင်းထောက်ငယ်သင်တန်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် (၂၅)သိန်း လှူဒါန်းခဲ့သည်။

 

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်သည် အခြေခံပညာကျောင်းများရှိ အသက် (၁၁)နှစ်မှ (၁၇) နှစ်အရွယ် ကျောင်းသား ကျောင်းသူများကို ကင်းထောက်(Scout) များအဖြစ် ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းလေ့ကျင့်သင်ကြားပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအနက် အသက် (၁၈)နှစ်နှင့် (၂၆)နှစ်အရွယ် ကင်းထောက်ပညာ သင်ကြားလိုကြသူများအား တက္ကသိုလ်ကင်းထောက် (Rover Scout)များအဖြစ် သင်ကြားလေ့ကျင့်ပေးပြီး ပြည်သူလူထုအကျိုးပြု လုပ်ငန်းများကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် မိမိတို့တက္ကသိုလ်များတွင် အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

ကင်းထောက်ပညာနှင့် အစဉ်အလာကို အခြေခံကျကျ စတင်လေ့ကျင့်သင်ကြားပေးရမည့် မူလတန်းအရွယ် အသက် (၆)နှစ်မှ (၁၀)နှစ်အရွယ် ကလေးငယ်များကို ကင်းထောက်ငယ် (Cub Scout)အဖြစ် လေ့ကျင့်ခြင်းကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှသာ စတင်နိုင်ခဲ့ပြီး ပြည်နယ်/တိုင်းဒေသကြီး ကျောင်းများတွင် ကင်းထောက်ငယ်များ တိုးပွားစေရန် သင်တန်းများ လေ့ကျင့်ပို့ချပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။

 

MDN