ကျွန်းစု  ၂၆  နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကင်းထောင်နှင့်ကင်းထောက်ငယ် အခြေခံသင်တန်းကို မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍  နိုဝင်ဘာလ (၂၆)ရက်   နံနက်ပိုင်းက အထက (၁) ပညာဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

 

 “ ယနေ့ခေတ် ကျောင်းသားလူငယ်တွေမှာ  ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးရေးအတွက် အဓိကလို အပ်တာသည် သူတို့ရဲ့စိတ်ထား သဘောထား မွန်မြတ်ဖို့ ဖြူစင်ဖို့ အဓိကရည်ရွယ်တဲ့အတွက် ကျောင်းသား လူငယ် တွေအားလုံး ကင်းထောက်အခြေခံစိတ်ဓာတ်မွေးမြူပြီး အများပြည်သူကို ကူညီ တတ်အောင် စာနာတတ်အောင် ဆောင်ရွက်သွားပေးဖို့ ရည်ရွယ်ချက်ထားရှိပါတယ်” ဟု  အထက(၁) ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းခိုင် က ပြောသည်။

 

သင်တန်းကို တက်ရောက်လာကြသူများက နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော် သီချင်းသီဆိုခဲ့ကြကာ ကင်းထောက်လူငယ်မောင်မယ်တို့က “ ကင်းထောက်ဂုဏ်ရည်သီချင်း”ကို သီဆို ဖွင့်လှစ်ခဲ့ကြသည်။ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက်ပညာနှင့် ကင်းထောက်အစဉ်အလာတို့ကို ရှင်းလင်းပြောကြားသည်။

 

“ ကင်းထောက်နဲ့ပတ်သက်တဲ့ ကင်းထောက်ပညာနှင့် ကင်းထောက်အစဉ်အလာရယ် ကင်းထောက်ရဲ့ အဓိပ္ပါယ်ရယ်၊ ကင်းထောက်ဟာပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဖို့အတွက် သူတို့ရဲ့ အရည်အသွေး မြှင့်မားဖို့ စိတ်ဓာတ်ခွန်အားမြင့်မားဖို့ သူတို့ရဲ့အတွေးအခေါ်တွေကောင်းဖို့ စုပေါင်း ဆောင်ရွက်တတ်ဖို့ အတွက် လေ့ကျင့်ပေးမှာပါ၊ အရွယ်ရောက်လာတဲ့ကလေတွေ ဉာဏ်ရည်မြှင့်လာတဲ့အခါမှာ ကျောင်းစာ တစ်ခုတည်း ရပ်တည်လို့ သူတို့ ဘဝ မပြည့်စုံတော့ဘူး။ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတဲ့ကင်းထောက် လူငယ်တွေဟာ ဖွံ့ဖြိုးလာတဲ့ ခန္ဓာကိုယ်ရယ် ဉာဏ် ရည်ရယ် ကမ္ဘာ့နည်းပညာ ICT အသုံးချ၍ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး မြန်မာ့ကင်းထောက် လူငယ်တွေဟာ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကို တိုးတက်မြှင့်မားဖို့ ငြိမ်းချမ်းသာယာဖို့ ပါဝင်ဆောင်ရွက်နိုင်တဲ့ ကဏ္ဍတွေကို  စာတွေ့ ရော လက်တွေ့ပါ သင်ကြားပေးမှာပါ” မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့် ကင်းထောက် အစီအစဉ် မှူးချုပ် ဦးအေးကြိုင်ထံက ပြောသည်။

 

ကင်းထောက် အခြေခံ သင်တန်းတွင် ကျောင်းသား/ သူ(၂၄၃)ဦးနှင့် ကင်းထောက်ငယ် အခြေခံသင်တန်း၌  ကျောင်း သား/သူ(၂၂၈)ဦးတက်ရောက်ခဲ့ကြရာ ကျောင်းသား/သူများကို မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်မှ သင်တန်းနည်းပြများက နိုဝင်ဘာလ(၂၆)ရက်မှ(၂၉)ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )