တံတားဦး  ၂၀  ဇွန်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကင်းတားဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေပေးမြောင်းများ ပြုပြင်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြတ်သူ ထံမှ သိရသည်။

 

ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပြီး ကင်းတားဆည်အတွင်းသို့ ရေဝင်ရောက်မှုနည်းပါးသဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် ဆည်ရေပေးဝေနိုင်ခြင်းမရှိဘဲ တံတားဦးမြို့နယ်အနေဖြင့် လက်ဝဲမြောင်းရေသောက်စနစ်တွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ဦးစီးအရာရှိ ဦးစိုးမြတ်သူ က ပြောသည်။

 

ကင်းတားလက်ဝဲမြောင်းသည် တံတားဦးမြို့နယ်တွင် DY – 26 မှစတင်၍ DY -34  အထိ ရေပေးနိုင်ခဲ့သည့်အပြင် ပြူကန် ကိုလည်း ဆက်လက်ပေးနိုင်ခဲ့သည့်အတွက် မိုးစပါးပျိုးထောင်ရေနှင့် ထွန်ယက်ရေကို စနစ်တကျပေးဝေနိုင်မှ ဆည်ရေကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သောကြောင့် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ ကင်းတားလက်ဝဲမြောင်း ရေသောက် DY–32 ၊ TC  ၅-၆-၇ မှ တောင်သူများသည် လယ်ကြား ရေပေးမြောင်း တစ်လျှောက်ရှိ  ချုံများ ၊ သစ်ပင်၊ မြက်ပင်များ ရှင်းလင်းခြင်း၊ သဲနုန်းများတူးဖော်ခြင်းတို့ကို စုပေါင်းဆောင်ရွက် လျက်ရှိပြီး ငါးဇင်ရိုင်းကျေးရွာအုပ်စုရှိ လယ်မြေဧက (၁၀၀) ကျော်တွင် စပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)