ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း တရားမဝင် သစ်ဆွဲရေယာဉ်များ၊ ကျူးကျော် နေထိုင်သူများအား ဥပဒေအရ အရေးယူသွားမည်

မြစ်သား ၁၇ ဖေဖော်ဝါရီ      


မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်၊ အရှေ့တောင်ဘက်  ၂၅ မိုင်ခန့်ရှိ ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း စက်တပ်ရေယာဉ်များနှင့် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်မှုကို တားမြစ်ထားသော်လည်း တရားမဝင် သစ်သယ်ဆောင်သည့် ယာဉ်များရှိနေဆဲဖြစ်ပြီး ထိုသို့ တရားမဝင် နေထိုင်မှုများနှင့် ကျူးကျော်နေထိုင်မှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

''ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်းက တရားမဝင် သစ်ဆွဲရေယာဉ်တွေ၊ တမံအနီးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို  ညွှန်ကြားချက်တွေအတိုင်း လစဉ်ဖမ်းဆီးတာ၊ ကျူးကျော်တဲတွေဖယ်ရှားတာတွေကို  သက်ဆိုင်ရာဌာနတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတာကြောင့် အခုဆိုရင်    ကင်းတားတမံအနီးမှာ ကျူးကျော်နေထိုင်သူတွေ မရှိတော့ပါဘူး။ အလားတူ တရားမဝင် သစ်ဆွဲလှေ ရေယာဉ်တွေလည်း လျော့နည်းသွားပါပြီ '' ဟု ရွာငံသစ်တောဦးစီးဌာန ပန်းလောင်သစ်တောဘိနယ် တမံ(၃)စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   

     
''ကူမဲ-ကင်းတား ရေလှောင်တမံ (၂၁)မိုင် လမ်းပိုင်းတွေပေါ်မှာက တရားမဝင် သစ်ကားတွေ သွားလာ နေပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးခြင်း အားနည်းပါတယ်။  

 

အလားတူ ကင်းတား တမံအနီးမှာဆိုရင်   ရဲကင်းဂိတ်တွေလည်းရှိပါတယ်။ ဒါပေမယ့်  ဖေဖော်ဝါရီ ၁၆ ရက်အထိတော့  တရားမဝင် သစ်ကားတွေ သွားလာနေတုန်းပါ''ဟု ကင်းတားတမံ အနီးရှိ ဒေသခံများထံက သိရသည်။ 


တရားမဝင်သစ်ကားများ သွားလာနေသည့် လမ်းပိုင်းဘေးရှိ ချမ်းငြိမ်းသာကျေးရွာမှာ    တရားမဝင်သစ်ခွဲစက်တွေရှိနေပေမယ့်  သက်ဆိုင်ရာက ဖမ်းဆီးမှုအားနည်းနေတာကြောင့်    တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်စေချင်ကြောင်း မြစ်သား မြို့နယ် ဒိုင်ကျေးရွာအုပ်စု   ချမ်းငြိမ်းသာကျေးရွာမှ  ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်နှစ်ပက်သက်ပြီး
ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှတာဝန်ရှိသူ ခရိုင်သစ်တောဦးစီးထံ ဖုန်းအကြိမ်ကြိမ်ဆက်သော်လည်း ဖုန်းဝင်ပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။


ကင်းတားရေလှောင်တမံကြီးသည်  မြစ်သားမြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများ အဓိက အားထားနေရသည့် ဆည်တမံတစ်ခုအဖြစ် ရေရှည်တည်တံ့နေရေးအတွက် ယခုအခါ  သက်ဆိုင်ရာ တာဝန်ရှိသူများက ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း တရားမဝင် သစ်ဆွဲရေယာဉ်များ၊ ကျူးကျော်တဲအိမ်များ မရှိစေရေးအတွက် ဆိုင်းဘုတ်များ စိုက်ထူထားရှိခြင်း စသည်များ ဆောင်ရွက်ထားသကဲ့သို့ လိုက်နာမှုမရှိသူများကိုလည်း တည်ဆဲဥပဒေဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း  မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြစ်သားမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထင်ကျော်လင်းထံမှ သိရသည်။


ကင်းတားဘက်စုံ   ရေလှောင်တမံကြီးကို  ၁၉၈ဝ ပြည့်နှစ်က စတင်တည်ဆောက်ခဲ့ရာ ၁၉၉ဝ  ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ တမံအမျိုးအစားမှာ ကျောက်ဖြည့် တမံဖြစ်ပြီး တမံအမြင့်မှာ ၂၃၆  ပေနှင့် တမံ အလျားမှာ  ၂ဝ၃၄ ပေဖြစ်ပြီး  ကင်းတားရေလှောင်တမံမှာ လက်ဝဲတူးမြောင်း၊ လက်ယာ တူးမြောင်းနှင့် ပန်းလောင်မြစ်မှတစ်ဆင့် ရေသောက်စနစ်ဖြင့်        တောင်သူလယ်သမားများကို ရေပေးဝေလျက် ရှိသည်။   
 

ကျော်ကျော်(မလှိုင်)

 

123