ကိုရင်မောင်
ထိုင်းနိုင်ငံအခြေစိုက် TNN ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းသုံးသပ်ချက် တစ်ခုကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရှိလိုက်ရပါတယ်။ သတင်းသုံးသပ်ချက်စာသားမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဿနာတွေကို ဆွေးနွေး သုံးသပ်ထားပါတယ်။ သုံးသပ်ချက်မှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစလို့ တိုက်ပွဲတွေ ဖော်ဆောင်လာတာကို အစချီထားပါတယ်။
ဒီမီဒီယာဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ပြောလိုရင်းကနေ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဘက်လှည့်ပြီး သွေးထိုးလှုံ့ဆော်ထားတာကို တွေ့ရပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်က အခြေအနေကို မီးမောင်းထိုးပြပြီး အစဉ်အဆက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ အိန္ဒိယနိုင်ငံကိုပါ လှုံ့ဆော်ပေးတာ တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ARSA အကြမ်းဖက်သမားတွေကြောင့် တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီပြဿနာတွေကိုပါ ပုံဖော်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ လှုံ့ဆော်ပေးတာ တွေ့ရပြန်ပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်အနီးမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တပ်မတော်က သိမ်းယူတယ်လို့ မဟုတ်မမှန် ပြောဆိုပြန်ပါတယ်။ အဆိုပါမီဒီယာဟာ သူတစ်ပါးနိုင်ငံကို အပြစ်ပြောလိုဇောနဲ့ ထင်ရာမြင်ရာ ဟိုရောက်ဒီရောက် ပြောနေတဲ့ အဆင့်နိမ့်တဲ့မီဒီယာ ဖြစ်ပါတယ်။
လုပ်ကြံဖန်တီး
ဒါ့အပြင် တရုတ်-မြန်မာနယ်စပ်မှာ တင်းမာမှု တွေဖြစ်ပွားတာဟာ မြန်မာနိုင်ငံရဲ့ ဟိုးအနောက် မြောက်ပိုင်းက ဘင်္ဂါလီတွေနဲ့ အခြားမူဆလင် အသိုင်းအဝိုင်းတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ မဆီမဆိုင် လက်ပန်သားကို ဓားနဲ့ချိုင်လာပြန်ပါတယ်။ ထိုင်းနိုင်ငံက အွန်လိုင်းမီဒီယာတစ်ခုရဲ့ ပြောဆိုမှုတွေဟာ ထိုင်းနိုင်ငံအစိုးရနဲ့ မသက်ဆိုင်သော်လည်း မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ပြီး ပြည်တွင်းရေးကို နှောင့်ယှက်တာဖြစ်လို့ မျက်နှာပျက်စေပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါထိုင်းမီဒီယာရဲ့ ရည်ရွယ်ချက်ကို အထင်အရှားတွေ့လိုက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အာရုံ စိုက်ဖို့၊ ထိခိုက်ခံစားရတဲ့ ဘင်္ဂါလီတွေအတွက် အထောက်အပံ့ပေးမှုတွေရဖို့၊ သူ့ရဲ့သတင်းမီဒီယာ ကို စိတ်ဝင်စားသူတွေ မြင့်တက်လာဖို့ ဖန်တီးလိုက်တာ ထင်ရှားပါတယ်။
ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို လွတ်လပ်စွာ ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ မီဒီယာတွေ လွတ်လွတ်လပ်လပ် ရေးသားထုတ်ဖော်ကြတာကို အပြစ်မပြောလိုသော်လည်း မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ကာ သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးမှာ မဟုတ်မမှန် ဝင်ရောက်စွက်ဖက် လှုံ့ဆော်ပြီး မီဒီယာရေချိန်တက်လာအောင် ပြုလုပ်တာကိုတော့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ တကယ်တော့ သတင်းလွတ်လပ်ခွင့်တွေရနေတဲ့ ထိုင်းမီဒီယာတွေဟာ အခုမှကျင့်ဝတ် ဖောက်ဖျက်ပြီး လုပ်လာကိုင်လာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလများ ကတည်းက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တာတွေ ရှိခဲ့ပါတယ်။ အခုမီဒီယာကတော့ နောက်မှပေါက်လာတဲ့ အကျင့်ပျက်မီဒီယာ တစ်ခုဖြစ်ပါတယ်။ အဲဒီအွန်လိုင်းမီဒီယာရဲ့ လက်ရှိတင်ဆက်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ဘင်္ဂါလီအရေးကိစ္စတွေကို မဟုတ်မမှန်၊ ရေလာမြောင်းပေး အသားပေး ဖော်ပြနေတာကို တွေ့ရပါတယ်။
လှုံ့ဆော်ပေးခဲ့
ထိုင်းနိုင်ငံက မီဒီယာအချို့ဟာ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲဖြစ်ပေါ်တဲ့အခါမှာ စွက်ဖက်နှောင့်ယှက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီစာနယ်ဇင်းတွေဟာ သူ့ချည်းသက်သက် အကြောင်းမဲ့လုပ်တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ စွက်ဖက် နှောင့်ယှက်ဖို့အတွက် နောက်ခံအကြောင်းတရား တွေ၊ အားပေးအားမြှောက်မှုတွေ၊ ဆက်နွှယ်မှုတွေ၊ အထောက်အပံ့တွေရှိကြပါတယ်။ ယနေ့မြန်မာနိုင်ငံ အပေါ် နှောင့်ယှက်ဖျက်ဆီးနေတဲ့ အနောက် နိုင်ငံကြီးရဲ့ အထောက်အပံ့ခံ ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာတွေနဲ့ တစ်ဂိုဏ်းတည်း၊ တစ်ကြံတည်း အပေါင်းပါတွေပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ကာလက မြန်မာနိုင်ငံ ပြိုကွဲပျက်စီးလုနီးပါးဖြစ်နေချိန်၊ မငြိမ်မသက်ဖြစ်နေချိန်မှာ အနောက်နိုင်ငံကြီး တွေအလိုကျ ရေလာမြောင်းပေး၊ အားပေး အားမြှောက်၊ သွေးထိုးလှုံ့ဆော်ပေးခဲ့ကြတဲ့ အထောက် အထားတွေရှိပါတယ်။
နယ်ချဲ့လက်သစ်နိုင်ငံကြီးတွေဟာ မြန်မာနိုင်ငံကို ၎င်းတို့ လိုရာပုံသွင်းဖို့အတွက် ဖိအားအမျိုးမျိုး၊ စွက်ဖက်မှုအဖုံဖုံ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးမှာ ပြောင်ပြောင်တင်းတင် ဝင်ရောက် စွက်ဖက်ပြီး အတင်းအဓမ္မပြုလုပ်မှု၊ လူ့အခွင့်ရေး ချိုးဖောက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဒီမိုကရေစီ အခွင့်အရေးဖောက်ဖျက်မှု စတဲ့ အမှု အမျိုးမျိုးနဲ့ ပုတ်ခတ်စွပ်စွဲလျက် ရှိပါတယ်။ အမျိုးသားသစ္စာဖောက်တွေက နယ်ချဲ့လက်သစ် အလိုကျ လုပ်ဇာတ်သတင်းတွေကို အကွက်ကျကျ ဖြည့်ဆည်းပေးပါတယ်။ အနောက်နိုင်ငံ အခြေစိုက် ပြည်ပသတင်းဌာနအချို့နဲ့ ပူးပေါင်းပြီး အခြေအမြစ် မရှိတဲ့သတင်းမှားတွေကို ကမ္ဘာသိအောင် ထုတ်လွှင့် ပေးခဲ့ပါတယ်။ အစောပိုင်းက ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ်၊ နေးရှင်း သတင်းဌာနတွေက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပြီး ဘက်လိုက်သတင်းတွေ ရေးသားခဲ့ပါတယ်။ အခု တစ်ဖန် ထိုင်းနိုင်ငံက TNN အွန်လိုင်းမီဒီယာက စွက်ဖက်နှောင့်ယှက်မှုတွေ လုပ်လာခဲ့ပါတယ်။
မီးလောင်ရာလေပင့်
နိုင်ငံတော်အစိုးရက နိုင်ငံတည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်အောင် မည်သို့ပင်ဆောင်ရွက်နေစေ နိုင်ငံတော် အာဏာကို ဖြတ်လမ်းက ရယူလိုကြတဲ့သူတွေ၊ အမျိုးသားသစ္စာဖောက်တွေက အနောက်နိုင်ငံကြီးတွေရဲ့ အားပေးအားမြှောက် ပြုလုပ်ပေးမှုနဲ့ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြုလုပ်ကြ တဲ့အခါမှာ ပွဲလန့်တုန်းဖျာခင်းချင်တဲ့၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်လိုတဲ့ အဖျက်သမား သောင်းကျန်းသူတွေက အကွက်ကောင်းစောင့် တိုက်ပွဲတွေဖော်ဆောင်လာကြပါတယ်။ တိုင်းပြည်ကို ပျက်စီးအောင် ပြုလုပ်နေကြတဲ့ အခြေအနေတွေကို အနောက်နိုင်ငံကြီးတွေက မသိကျိုးကျွန်ပြုနေကြသလို ပြည်ပက သတင်းဌာနအချို့ကလည်း မဟုတ်မမှန် လုပ်ကြံသတင်းတွေထုတ်လွှင့်ပြီး မီးလောင်ရာ လေပင့်ပေးကြပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးစကာလက ရန်ကုန်အစိုးရလို့ပဲ ခေါ်ရတော့မလို လက်နက်ကိုင်သောင်းကျန်းသူတွေဟာ နိုင်ငံတစ်ဝန်းက မြို့ရွာတွေကို သိမ်းပိုက်ထားခဲ့ပါတယ်။ အဲဒီအခြေအနေမှာတောင် တပ်မတော်ဟာ ပြည်ထောင်စု မပြိုကွဲအောင်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ ရှိတဲ့အင်အားနဲ့ တိုင်းပြည်ကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း သောင်းကျန်းသူအဖျက်သမားတွေရဲ့ လုပ်ရပ်တွေကို သိမြင်ပြီး တပ်မတော်နှင့်အတူ လက်တွဲပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်မှာ တပ်မတော်က အင်အားအကြီးမားဆုံး ဗကပနဲ့ ကေအင်န်ဒီအို သောင်းကျန်းသူတွေကို အမြစ်ကမကျန်ချေမှုန်းရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အဆွယ်အပွားတွေက သောင်းကျန်းသူမျိုးဆက်မပြတ်အောင် နည်းမျိုးစုံနဲ့ အသက်ဆက်ခဲ့ကြပါတယ်။
အတိုင်အဖောက်ညီ
လက်နက်ကိုင် သောင်းကျန်းသူတွေဟာ နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ သယံဇာတတွေ ခိုးထုတ်တာတွေကနေ ဝင်ငွေအများအပြားရရှိလာပြီး လက်နက်စုဆောင်းတာ၊ လူသစ်စုဆောင်းတာတွေ ပြုလုပ်ကာ အင်အားတောင့်တင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။ တစ်ဖက်မှာ တပ်မတော်က တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်းဆိုတဲ့ မိသားစုစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို အလေးထားပြီး ဆောင်ရွက်ပေးနေ တာကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ တိုင်းပြည်ပြိုကွဲပျက်စီးအောင် ဖန်တီး လာကြတာတွေကို သမိုင်းကြောင်းအရရော ယနေ့မျက်မြင်အခြေအနေတွေအရပါ အားလုံး သိကြမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုဖြစ်နေတဲ့အခါမှာ မြွေပူရာကင်းမှောင့်ဆိုသလို မဟုတ်မမှန် လုပ်ကြံပုံကြီးချဲ့ပြီး တိုင်းပြည်မပျက်စီး ပျက်စီးအောင်၊ မပြိုကွဲ ပြိုကွဲအောင် အမနာပ ပြောဆိုနေကြတဲ့ ပြည်တွင်းသစ္စာဖောက် ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပအချို့ သတင်းဌာနတွေဟာ အတိုင်အဖောက် ညီလှပါတယ်။
TNN အပါအဝင် ပြည်ဖျက်မီဒီယာတွေဟာသောင်းကျန်းသူတွေ၊ ပြည်ပြေးတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီကို တည့်မတ်မှန်ကန်အောင် အကောင်အထည် ဖော်နေတဲ့၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာဝပြောအောင်၊ ပြည်သူတွေ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေတဲ့အစိုးရကို ဖျက်လိုဖျက်ဆီးပြုလုပ်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပါတယ်။ TNN သတင်းဌာနက ထိုင်းလူမျိုးတွေဟာလည်း ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ဟန်တူပါတယ်။ ဒါပေမယ့် မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သောင်းကျန်းသူတွေက ဘုရားစေတီပုထိုးတွေကို ထုရိုက်ဖျက်ဆီးနေတာတွေကို သတင်းမဟုတ်သလို မသိကျိုးကျွန်ပြုနေတာဟာ အံ့ဩစရာပါပဲ။ မီဒီယာရဲ့ တာဝန်မှန်း သိလျက်နဲ့ ကျင့်ဝတ်မလိုက်နာဘဲ ဘက်လိုက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
သတင်းမှားလုပ်ကြံ
TNN အွန်လိုင်းသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို အကြောင်းပြုပြီး ဘင်္ဂလီအရေးကို ရှေ့တန်းတင်လာတာဟာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း မူဆလင်ပြဿနာတွေ၊ ပဋိပက္ခတွေရှိခဲ့ပါတယ်။ ရှိပေမယ့်လည်း သူတို့နိုင်ငံ ပြဿနာကြီးထွားလာအောင် ပြုလုပ်ခဲ့တာ မတွေ့ရပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘင်္ဂါအရေး ကိစ္စကို သွေးထိုးလှုံ့ဆော်ပေးလိုက်တာဟာ မရိုးမသားလုပ်ဆောင်လိုက်တာ ပေါ်လွင်နေပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံကို ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး သတိရ၊ အာရုံစိုက်မှုပိုလာအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မီဒီယာအချို့ဟာ ကျင့်ဝတ်တွေကို မလိုက်နာဘဲ ဘက်လိုက်မှုတွေ၊ မဟုတ်မမှန် ရေးသားမှု ပြုလုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ထိုင်းနိုင်ငံက ယာဉ်တိုက်မှုဖြစ်စဉ် ဓာတ်ပုံဟောင်းကို အသုံးပြုပြီး ထိုင်းစစ်တပ်က မြန်မာတွေကို ပစ်မိန့်ပေးထားသယောင် သတင်းမှား၊ လုပ်ကြံ သတင်းတွေ ဖြန့်ဝေခဲ့ဖူးပါတယ်။
TNN အွန်လိုင်းမီဒီယာလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင် နယူးစ်၊ ထိုင်းရတ်အစရှိတဲ့ ထိုင်းမီဒီယာအချို့က ကျင့်ဝတ် ဖောက်ဖျက်လို့ ထိုင်းမီဒီယာကောင်စီကို ဌာနေတိုင်းရင်းသားတွေက ဆန္ဒပြတောင်းဆို ဖြေရှင်းပေးဖို့ ပြုလုပ်ခဲ့တာ တွေရှိခဲ့ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်ပြီး အောက်ဆီဂျင်အိုးတွေ အခက်အခဲဖြစ်နေချိန်မှာ ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲက မဲချန်မြို့ဘက်ကို ကလေးတစ်ဖက်၊ အောက်ဆီဂျင်အိုးကိုထိန်းထားတဲ့ ဆိုင်ကယ်မောင်းနေတဲ့ သတင်းဓာတ်ပုံကို ထိုင်းပြည်တွင်းမီဒီယာ တစ်ခုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသလို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၀ ရက်က တင်ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် အတော် ဂယက်ရိုက်ခတ် သွားဖူးပါတယ်။ ထိုင်းနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် နဲ့အတူ TNN လို မီဒီယာတွေရဲ့ ကျင့်ဝတ် ဖောက်ဖျက်မှုတွေဟာ သတိပြုစရာ ဖြစ်ပါတယ်။
ပြည်တွင်းရေးနှောင့်ယှက်
မျက်မှောက်ကာလမှာ ပြည်တွင်း၊ ပြည်ပ အဖျက်မီဒီယာတွေက သတင်းတု၊ သတင်းမှား၊ ပုံကြီးချဲ့ မဟုတ်မမှန်သတင်းတွေကို ဘက်ပေါင်းစုံမှ တစိုက်မတ်မတ် သတင်းများထုတ်လွှင့်ပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်အောင်၊ တွေဝေအောင်၊ အစိုးရအပေါ် အယုံအကြည်မဲ့လာအောင်၊ ပြည်သူလူထု ကြောက်ရွံ့ထိတ်လန့်မှုဖြစ်အောင် နေ့စဉ်ပြုလုပ်လျက်ရှိတဲ့အပြင် အခြားနည်းလမ်းအမျိုး မျိုးနဲ့လည်း အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်၊ တိုင်းပြည်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်မှုတွေကို လုံခြုံရေးအသိ၊ အမျိုးသားရေး သတိဖြင့် ကာကွယ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ သမိုင်းကြောင်းတစ်လျှောက် မှာ အနောက်နိုင်ငံကြီးတွေ အထောက်အပံ့ခံ မီဒီယာတွေက တိုင်းပြည်ကို အစဉ်တစိုက် ဖျက်လိုဖျက်ဆီး လုပ်ကိုင်နေကြတာဖြစ်ပြီး အခုမှပေါ်လာတဲ့ ထိုင်းနိုင်ငံက မီဒီယာတချို့ရဲ့ လုပ်ရပ်တွေကို ပြောရတာတော့ မတန်လှပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ပြည်တွင်းရေးကို နှောင့်ယှက်တဲ့ကိစ္စဖြစ်လို့ ကြီးကြီးငယ်ငယ် ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မီဒီယာအချို့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျင့်ဝတ်တွေ ချိုးဖောက်တာရှိသော် လည်း မြန်မာအစိုးရအနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကိုသာ အမြဲဦးတည်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ အစိုးရအဆက်ဆက်ဟာ ရန်သူ၊ ရန်ဘက်မရှိ၊ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကိုသာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုဟာ ယနေ့ထက်တိုင် ခိုင်မြဲစွာနဲ့ တစ်သမတ်တည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့ လမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံ အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
မူမမှန်တဲ့လုပ်ရပ်
ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ TNN အွန်လိုင်းမီဒီယာလို မီဒီယာအချို့ရဲ့ ကျင့်ဝတ်နဲ့မလျော်ညီတဲ့ လုပ်ရပ် တွေကို မြင်တွေ့ကြားသိနေရတာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ကျင့်ဝတ်ဖောက်ဖျက်တဲ့ မီဒီယာတွေရဲ့ လုပ်ပုံ ကိုင်ပုံတွေကို ကြည့်မယ်ဆိုရင် အနောက်နိုင်ငံကြီးတွေရဲ့အလိုကျ နယ်ချဲ့လက်သစ် လက်ဝေခံ မီဒီယာတွေရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ တစ်ထပ်တည်း တူနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ အပေါ် တစ်စိုက်မတ်မတ် တိုက်ခိုက်ဖျက်ဆီးနေတဲ့ အနောက်နိုင်ငံတွေရဲ့ လက်ဝေခံ၊ အထောက်အပံ့ခံ မီဒီယာတွေလိုပဲ လုပ်ကိုင်နေတယ်လို့ ထင်မိပါတယ်။ NUG နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အိမ်နီးချင်းနိုင်ငံ ထိုင်းမီဒီယာ တွေ အသိဆုံးဖြစ်ပါတယ်။ ဒါပေမယ့် မသိချင်ယောင် ဆောင်နေတာကတော့ မရိုးသားတဲ့ စိတ်ကူး၊ မမှန်တဲ့လုပ်ရပ်ဆိုတာ သေချာပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ပြည်ဖျက်မီဒီယာတွေဟာ ကျင့်ဝတ်ဖောက်ဖျက်ပြီး တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်လုပ်ကြံ ဖန်တီးနေကြတာ ဖြစ်ပါတယ်။ အဖျက်လုပ်ရပ် သတင်းအမှန်တွေကို ဖုံးကွယ်၊ အကောင်းလုပ်ရပ်တွေကို သတင်းမှားနဲ့ ဖိတိုက်တဲ့ သတင်းမှန် အမှောင်ချ၊ သတင်းမှားမှိုင်းတိုက်ကာ သတင်းအသိ အမှောင်ဖုံးစေတဲ့ အနက်ရောင် သတင်းစာပညာ (Black Journalism) ဖြစ်ပါတယ်။ ဒီသတင်းစာ ပညာနဲ့အချင်းချင်းစိတ်ဝမ်းကွဲပြားအောင်၊ နိုင်ငံပျက်စီးအောင်၊ နိုင်ငံတကာက အထင်အမြင်လွဲ မှားအောင် ပြုလုပ်တဲ့ ထိုင်းနိုင်ငံက TNN မီဒီယာ အပါအဝင် အဖျက်မီဒီယာအားလုံးကို ပြင်းထန်စွာ ရှုတ်ချလိုက်ရပါတယ်။