ကွန်ဟိန်း  ၂၈    ဇူလိုင် 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်း၊ စီမံကိန်းတာဝန်ပေးအပ်ပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက အဖွင့်အမှာစကား ပြောကြား သည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းနှင့် ဦးစိုင်းအောင်ကျော်ဦးတို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဆူးက စီမံကိန်း တာဝန်လွှဲပြောင်း ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စော က Cash For Work စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် နောင်မွန်းကျေးရွာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်း က ဝမ်ခင်းကျေးရွာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက လုပ်ခိုက်‌ကျေးရွာများ အတွက် တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀ဝ ကို အသီးသီးပေးအပ်ခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် Cash For Work စီမံကိန်းကျေးရွာကော်မတီ ဉက္ကဋ္ဌတို့ အကြား စီမံကိန်းတာဝန် လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)