ကွန်ဟိန်း ၂၂ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေးခြင်းအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကွန်ဟိန်းမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ငါးကန်များ အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင်ပြင်ဆင်ထား ရ မည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အထူးဂရုပြု ဆောင်ရွက်ထားရမည့် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကွန်ဟိန်းမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလတွင် ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ရာ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် ဆိုင်များအား ဒီဇင်ဘာလတွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုသွားမည် ဖြစ်ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထွန်း၊ ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)


