နေပြည်တော်   ၂၈   ဩဂုတ် 


ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်အဖက်တမင်း) ကီလို  ၁၆၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ သံလွင်မြစ်ကူးတံတား(တာကော်) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်း မြို့ဘက်သို့ စိုင်းသန်းထွန်း မောင်းနှင်ပြီး ကျန်းမိန်မှေး(ခ) ဝင်းနိုင် လိုက်ပါလာသည့် ဆီဘောက်ဆာ ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးဂိတ်သို့ မရောက်မီယာဉ်အားရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွန်းသည် ကားလမ်း၏ တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း။


ပူးပေါင်းအဖွဲ့မှ သံလွင်မြစ်အတွင်းစက်လှေဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာ ရေထဲတွင် မြုပ်လိုက် ပေါ်လိုက်ဖြစ်ပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် ဆီဘောက်ဆာယာဉ်ကို စစ်ဆေးရာ အိုက်စ် (မက်အဖက် တမင်း) ကီလို  ၁,၆၀၀ နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျန်းမိန်မှေး(ခ)ဝင်းနိုင် (၃၆ နှစ်)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။


ရဲပြန်ကြား