ကွန်ဟိန်း၊ ၈ ဇန်နဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေး ဘဏ် (KfW) နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေများဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည့် ကျေးရွာ ၈ ရွာမှာ ဆိုင်းမွန်၊ ဆိုင်းခေါင် (မြောက်)၊ လုံယန်း၊ နမ်းမော်တောင်း၊ ဟောင်လစ်၊ ဝိန်းဖွီး၊ နမ့်ပါမန်း၊ ဝမ်မိုင်ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာ ၈ ရွာတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ ၄၅၈ စုံ၊ ၁၀၀ ဝပ်ဆိုလာ ၁၄ စုံ၊ လမ်းမီးတိုင် ၅၀ စုံ၊ စာသင်ကျောင်းအတွက် ၈ စုံ၊ ဘာသာရေးအဆောက်အဦအတွက် ၁၁ စုံ တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုအချိန်တွင် ဆိုင်းမွန်၊ ဆိုင်းခေါင်(မြောက်)၊ လုံယန်း ကျေးရွာလေးရွာတွင် ဆိုလာတပ်ဆင်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး ကျန်လေးရွာတွင်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများမှာ ကျေးရွာများသို့ ရောက်ရှိနေပြီဖြစ်ကာ ဆက်လက်တပ်ဆင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်းနှင့် ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်အခမဲ့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်ဆူး က ပြောပြ၍ သိရသည်။
Source - ငြိမ်းသူ


