ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၂၅၀ဝ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၆ ဖေဖော်ဝါရီ

မူးယစ်တပ်ဖွဲ့စု(၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီက ကွန်ဟိန်းမြို့နယ်၊ ကာလိ-မိုင်းစံသွားကားလမ်း၊ ပန်လုံကျေးရွာ အနီးတွင် အိုက်ညီမောင်းနှင်လာသည့် LANDCRUISER အမျိုးအစား မော်တော်ယာဉ်နှင့် ဆမ်ကုမ်းမောင်းနှင်လာသည့် SURF အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်ညီမောင်းနှင်လာသည့် မော်တော်ယာဉ်မှ အိုက်စ် ၃၀ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ ဆမ်ကုမ်းမောင်းနှင်လာသည့် မော်တော်ယာဉ်မှ အိုက်စ် ၂၀ ကီလိုကိုလည်းကောင်း စုစုပေါင်း အိုက်စ် ၅၀ ကီလို (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၂၅၀ဝ )ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဖျောက်ဆိတ်ကုန်းကျေးရွာ၊ (၆၈)လမ်းရှိ မင်းမင်းမွှေး (ခ) ကိုမင်း၏ နေအိမ်ဆိုင်ခန်းကို ရှာဖွေရာ ဘိန်းဖြူ ၁၂၈ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)