ကနီ ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် သစ်ပင်ချစ်သူများ၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာရေးအတွက် ပထမအကြိမ် လုမ္ဗိနီအင်းကြင်း စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရွှေကျောင်း ကျောင်းတိုက် ပရဝဏ်၊ ရွှေသိမ်တော်ဆရာတော်ကြီး ဦးသောဘိတ အရိုးစေတီ၊ ရွှေစည်းခုံစေတီတို့နှင့် တစ်ဆက်တစ်စပ်တည်း နဂါးရုံဘုရား ပရိဝဏ်များတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လုမ္ဗိနီအင်ကြင်းပင် စုပေါင်းစိုက်ပျိုးပွဲတွင် "ဒီလိုစိုက်ပျိုးရန်ရည်ရွယ်ပြီး အပင်တွေကို မျိုးစေ့တွေရှာပြီး ပျိုးပင်ထုပ်တွေ စတင်ပျိုးခဲ့ပါတယ်။ အခု မိုးရာသီမှာ ကနီမြို့ သစ်ပင်ချစ်သူများရဲ့ ပထမအကြိမ်အဖြစ် ဒီနေ့ စတင် အကောင်အထည်ဖော် စိုက်ပျိုးပါတယ်။ ပထမဆုံးအကြိမ်အဖြစ် စိုက်ပျိုးရာမှာ လုမ္ဗိနီအင်ကြင်းပင် ၂၃၀ နှင့် သပြေဘူတပင် ၇၀ စုစုပေါင်း အပင် ၃၀ဝ စတင်စိုက်ပျိုးနိုင်ခဲ့ပါတယ်" ဟု သစ်ပင်ချစ်သူများအဖွဲ့မှ ပျိုးပင်များ ပြုစုပျိုးထောင်ပေးသည့် ပျိုးပင်များအလှူရှင် ဦးအောင်ကျော်ထွန်းက ပြောသည်။
အပင်တွေစိုက်ပျိုးရန် ကြိုတင်ဆောင်ရွက်ထားမှုများ နှင့်ပတ်သက်၍ "ကျွန်တော်တို့ ဒီအပင်တွေ စိုက်ပျိုးပြီး ရှင်သန်နိုင်ရန် စနစ်တကျ အကွက်များရိုက်ပြီး စိုက်မည့်နေရာများတွင် တွင်းများတူးကာ တွင်းထဲ၌နှုန်း၊ မြေဆွေးများနှင့် ကြိုတင်နှပ်ထားတာ ဖြစ်ပါတယ်။ အခု မိုးလေးကျလာချိန်မှာ ကျွန်တော်တို့ စတင်စိုက်ပျိုးကြတာပါ။ ဒီပထမအကြိမ်မှာ အပင် ၃၀ဝ စတင်စိုက်ပျိုးပြီး လုမ္ဗိနီအင်ကြင်းကို အပင် ၁၀ဝ၀ အထိ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်" ဟု သစ်ပင်ချစ်သူများအဖွဲ့မှ ကိုအောင်ဆွေက ပြောပြသည်။
အဆိုပါ ကနီမြို့ သစ်ပင်ချစ်သူများ၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေးအတွက် ပထမအကြိမ် လုမ္ဗိနီအင်းကြင်း စိုက်ပျိုးပွဲတွင် သစ်ပင်ချစ်သူများအဖွဲ့၊ ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် NGO အဖွဲ့များနှင့် ပရဟိတအဖွဲ့များက စုပေါင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


