ကနီ ၃၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ကျွန်းပင်အိုင်ကျေးရွာရှိ လူနေအိမ်ခြံဝင်အတွင်း စိုက်ပျိုးထားသော နွားစာပြောင်းပင်များတွင် ကျရောက်လျက်ရှိသော အရှေ့တိုင်းကျူးကျော်နှံကောင် အမျိုးအစားအား ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းရှိပြီးဖြစ်သော ကော်ဖီနှံကောင်နှင့် အရှေ့တိုင်းကျူးကျော် နှံကောင် အမျိုးအစားများ မြို့နယ်အချို့တွင် ကျရောက်လျက်ရှိသဖြင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို အချိန်မီ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
“အခုလောလောဆယ်တော့ တစ်ဧကကျော်လောက်ပဲ ကျတာဖြစ်တဲ့အတွက် ဆက်ပြီးတော့ ပြန့်ပွားမှု မရှိအောင် ကာကွယ်နှိမ်နှင်းရေးတွေ လုပ်ထားတယ်၊ နောက်အနီးအနားမှာရှိတဲ့ စပါးခင်းတွေကို မကူးစက်နိုင်အောင် လုပ်နေတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးက အခုလ(၂၅)ရက်နေ့က သတင်းပေးလို့ ကျွန်တော်တို့က ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံကို အကြောင်းကြားပြီး ကနီမြို့နယ်က စိုက်ပျိုးရေး အဖွဲ့တွေနဲ့ ပိုးကျရောက်မှုကိုသွားပြီး ကြည့်တဲ့အခါ ပိုးနည်းနည်းကျတဲ့ နေရာတွေကိုတွေ့ရတော့ လက်နဲ့လိုက်ကောက်ခိုင်းတယ်၊ အကောင်အရေအတွက် များတဲ့အခင်းတွေကိုတော့ နောက်အခင်းတွေကို ပြန့်ပွားမှုမရှိအောင် ပိုးသတ်ဆေးဖျန်းခိုင်းပါတယ်” ဟု ကနီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က ပြောသည်။
ယခုလက်ရှိ အခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် ပြည်တွင်း ရှိပြီးဖြစ်သည့် ကော်ဖီနှံကောင်အမျိုးအစားနှင့် အရှေ့တိုင်းကျူးကျော် နှံကောင်အမျိုးအစားများ ကျရောက်လျက်ရှိရာ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို တိုင်းဒေသကြီးသီးနှံကာကွယ်ရေးဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)