ကနီ ၁၆ ဖေဖော်ဝါရီ
ပျိုးသက်နုကောက်ကွက်ကျဲ စပါးအစွမ်းဖွင့် System Of Rice Intensification (SRI) နည်းစနစ်ဖြင့် တောင်သူပညာပေး စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ခိုတွင်းကျေးရွာရှိ တောင်သူ ဦးအောင်စန်းဝင်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စိုက်ပျိုးခြင်းကို SRI နည်းစနစ်ဖြင့် ပျိုးထောင်၍ စိုက်ပျိုးခြင်းသည် ပျိုးသက်နုနုနဲ့ ကောက်ကွက်ကျဲ စိုက်ပျိုးရတဲ့အတွက် တစ်ဧက မျိုးစေ့ကုန်ကျမှု သက်သာတဲ့အပြင် ပျိုးနုတ်ရတဲ့စရိတ်လည်း သက်သာကြောင်း၊ ပျိုးမနုတ်ရတဲ့အတွက် ကောက်ပင်မှာ နာကျင်ထိခိုက်မှုမရှိ ရွှေ့ပြောင်းစိုက်ရတာကြောင့် စပါးပင်က အရှိန်မပျက် လယ်ကွက်ထဲ ရောက်တာနဲ့ အပင်တန်းဖြစ်တဲ့အတွက် တောင်သူတွေနဲ့ပူးပေါင်းပြီး SRI နည်းစနစ်ဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က ပြောသည်။
အဆိုပါ ပျိုးသက်နုကောက်ကွက်ကျဲ စပါးအစွမ်းဖွင့် နည်းစနစ်ဖြင့် လက်တွေ့ကောက်စိုက်ရာသို့ ကင်းတောင်းကျေးရွာ အုပ်စုအတွင်းမှ တောင်သူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက ၅၃၀ ဧက စိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)