၈   ဇွန်

 

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်တော့မည်။ ၁၉၂၀ မှာ ရန်ကုန် တက္ကသိုလ် စတင်ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် လာမည့်နှစ် ၂၀၂၀ ဆိုလျှင် နှစ်တစ်ရာပြည့်အဖြစ် ဂုဏ်ယူစရာဖြစ်ခဲ့ပြီ။

 

ရန်ကုန်တက္ကသိုလ်က မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် ဂုဏ်ယူရမည့် ခေါင်းဆောင်အများအပြားကို မွေးဖွားပေးခဲ့သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံတကာက လေးစားရသည့် ပညာရှင်ကြီးများ...။

 

တက္ကသိုလ်၏ အရိပ်အာဝါသကိုယ်နှိုက်က ပညာရှာမှီးရာ၊ ပညာသင်ကြားဆည်းပူးရာ ဝန်းကျင်ကြီးအဖြစ် အေးမြလှသည်။ မြကျွန်းညို၊ ကံ့ကော်တော၊ သစ်ပုတ်ပင် အစရှိသည့် အပင်ကြီးများက ညို့နေ မှိုင်းနေအောင် စိမ်းမြသည်။

 

ဒူးရင်း ဩဇာ မာလကာ သရက် အစရှိသည့် စားပင်သီးပင်ကြီးများကပင် အရေအတွက် မနည်းလှ။ ကျောင်းဝင်းထဲသို့ ဝင် လိုက်သည်နှင့် သစ်တောအုပ်တစ်ခုတွင်းသို့ ရောက်သွားဘိသကဲ့သို့ ကျေးငှက်သာရကာ စုံလင်စွာ၊ ပန်းမျိုးစုံတို့ကလည်း အရောင်စုံစွာ၊ ရနံ့သင်းစွာ ကြိုဆိုနေခြိမ့်မည်။

 

နိုင်ငံတစ်ဝန်းလုံး သစ်တောသစ်ပင်တို့ကို ရေတိုစီးပွားရေး အမြင်ဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့၍ နိုင်ငံတွင်း ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပိုမိုခံစားနေရသည့် အချိန်တွင် ရန်ကုန်တက္ကသိုလ်တွင်းက သစ်ပင်သစ်တော တို့က ပညာရှင်အသိုင်းအဝိုင်း၏ စံနမူနာပြအဖြစ် ယနေ့ထက်တိုင် ကြီးမြင့်ခံ့ထည်နေလေသည်။

 

ကျောင်းဝင်းအတွင်းမှာ မရေမတွက်နိုင်အောင် ပေါများထူထပ်လှသည့် သစ်ပင်ကြီး သစ်ပင်ငယ်များကို စာရင်းပြုစုမှတ်တမ်းတင်နိုင်လျှင်ပင် ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အတွက် အမှတ်တရ စာတမ်းငယ်တစ်စောင် ထွက်လာနိုင်မည်ဟု ထင်မိသည်။

 

ခေတ်အဆက်ဆက် စာပေ၊ ဂီတ၊ သီချင်း၊ ပန်းချီ၊ အနုပညာ အမျိုးမျိုးတို့ဖြင့် ပုံဖော်ဖွဲ့နွဲ့ခဲ့သော ရန်ကုန်တက္ကသိုလ်ဝင်းတွင်းက သစ်ပင်ကြီးငယ်တို့မှာ လွမ်းလောက်စရာ၊ နူးညံ့နှစ်သက်စရာများ သာဖြစ်သည် မဟုတ်ပါလော။ မြကျွန်းညိုညို၊ သင်္ဘောမယ်ဇလီ၊ ကံ့ကော်တော၊ သစ်ပုတ်ပင်၊ ကျောင်းဖွင့်ချိန်ဆိုလျှင် မြေပေါ် ကြဲ ပြန့်နေသော စိန်ပန်းပွင့်များ၊ အုံ့ဆိုင်းနေသည့် တောင်ပိန္နဲပင်ကြီးများ၊ ရေတမာပင်များ စသည်...။

 

ရန်ကုန်တက္ကသိုလ်စတင်ထူထောင်ပြီး ခုနစ်နှစ်အကြာ ၁၉၂၇ တွင် ကျောင်းသို့ရောက်ကာ ပညာဆည်းပူးခဲ့သော စာရေးဆရာ သတင်းစာဆရာကြီး ဇဝနက သူနေထိုင်ခဲ့ရသော ရန်ကုန်တက္ကသိုလ်ကို နောက်ခံထားကာ ကောလိပ်ကျောင်းသားဝတ္ထုကြီးကို ၁၉၃၅ တွင် ရေးခဲ့ရာ သစ်ပင်ကြီး သစ်ပင်ငယ်များအပေါ်တွင် တင်လျက်ရှိသော မြူနှင်းများသည် နေရောင်ခြည်ပေါ်ထွက်၍ လာသည့်အခါတွင် စွတ်စိုထိုင်းမှိုင်းစွာ လိမ်းကျံနေသော ဘဝမှ အရည်ပျော်ကျ၍ လာလေရာ၊ ညီညာစွာ စိုက်ပျိုးမွေးမြူထားသော မြက်ပင်ကလေးများသည် မြူရည် မြူနှင်းများဖြင့် စွတ်စိုကာ သာယာစိမ်းလန်း ရှုမခန်း ရှိပေ၏ဟူ၍ တက္ကသိုလ်မြင်ကွင်း တစ်စိတ်တစ်ပိုင်းကို ပုံဖော်ဖွဲ့ နွဲ့ခဲ့သည်ကို အမှတ်ရသည်။ သစ်ပင်ကြီးငယ်တို့၏ သက်တမ်းက တက္ကသိုလ်၏ သက်တမ်းထက်ပင် ကြီးလိမ့်ဦးမည်။

 

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်တွင် ဂုဏ်ယူစရာ၊ အမှတ်ရလွမ်းဆွတ်စရာ လူများ၊ အဆောက်အအုံများ၊ စနစ်များ၊ သမိုင်းများ၊ အနုပညာများတို့နှင့်အတူ မြတ်နိုးတန်ဖိုးထားကြရန် ဖြစ်ကြသော သစ်ပင်ကြီးငယ်တို့၏ စိမ်းလန်းဝန်းကျင်နှင့် အာဝါသတို့ကိုပါ ရေရှည်တည်တံ့ရေး ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မမေ့မလျော့ ကြပါစေကြောင်း နှိုးဆော်လိုက်ရပါသည်။ ။

 

မြန်မာ့အလင်း