ကြံခင်း၊     ၇    ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော မြန်မာ့သစ်လုပ်ငန်း (သစ်ထုတ်ရေးဌာန) မှ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဇန်နဝါရီ  ၆  ရက် နံနက်ပိုင်းက ကြံခင်းမြို့ မြန်မာ့သစ် လုပ်ငန်း (သစ်ထုတ်ရေးဌာန) အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က လူမှုဖူလုံရေး စီမံကိန်း သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်လူမှုဖူလုံရေး ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ခံစားရရှိနိုင်မည့် ငွေကြေးအကျိုး ခံစားခွင့်များအကြောင်းအားလည်းကောင်း ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က မြို့နယ်လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့သစ်လုပ်ငန်း (သစ်ထုတ်ရေးဌာန) မှ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား ဦးရဲဝင်းထွဋ်၏ ဇနီး ဒေါ်မိုးဆွေအား ကျန်ရစ်သူငွေကြေး အကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၉၀၀၀၀၀၀ ပေးအပ်ခဲ့ကြောင်း၊ ယခင်နာရေးစရိတ်ကို  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က   ငွေကျပ် ၉၀၀၀၀၀ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)