ကြံခင်း ၂၉ မတ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ PPE ဝတ်စုံ ဝတ်ဆင်ခြင်းဖြင့် Virus ကာကွယ်မှု ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ယမန်နေ့က ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသင်တန်းခန်းမတွင် PPE ဝတ်စုံ ဝတ်ဆင်ခြင်းသင်တန်းပေး သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဉီးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းနိုင်က Virus ကူးစက်ပုံ၊ တိုက်ခိုက်ပုံနှင့် ထိခိုက်မှုအနေအထား၊ (၂)ပတ်အတွင်း မျိုးပွားနိုင်မှု၊ ရောဂါလက္ခဏာ ဖြစ်ပေါ်လာပုံ ကုသမှု၊ သေဆုံးမှုနှုန်းများ မရှိစေရန် PPE ဝတ်စုံဖြင့် ကာကွယ်စောင့်ရှောက်ရမည့် အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက်တန်းသူနာပြု ဒေါ်နီလာထွန်းက PPE ဝတ်စုံ ဝတ်ဆင်နည်းအဆင့်ဆင့်၊ ကူးစက်ခံလူနာနှင့် ထိတွေ့လျှင် ကာကွယ်မှုပေးပုံများအကြောင်း အားရှင်းလင်းပြီး သူနာပြုဆရာမ ဒေါ်ကြည်ဖြူဝင်းတင် နှင့် သူနာပြုဆရာမ ဒေါ်ကေစောထွန်းတို့က PPE ဝတ်စုံ ဝတ်ဆင်နည်းအား သရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူဝန်ထမ်းများ၊ ကျန်းမာရေး အထောက်အကူပြု ကော်မတီအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)


