ကြံခင်း ၁၁ ဇွန်
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများအား စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအဖွဲ့က အဝေးပြေးကားဂိတ်အတွင်းရှိ မော်တော်ယာဉ်များအား စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းသည် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်များအား ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာပြေးဆွဲခြင်း ရှိ/မရှိအား လည်းကောင်း၊ ခရီးသည်များအား ၂ ခုံ တစ်ဉီးနှုန်းဖြင့် (ZIG-ZOG) ပုံစံဖြင့် ခပ်ခွာခွာထိုင်းစေခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုစေခြင်း၊ Mask တပ်ဆင်စေခြင်း၊ ခရီးသည်ကို ကား၏ဝင်ဆံ့မှု ထက်ဝက်သာ တင်ဆောင်ခြင်း အချက်များအား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း မစကအတွင်းရေးမှူးက ပြောသည်။
အဆိုပါစစ်ဆေးခြင်းတွင် ကြံခင်းမြို့ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ဉီးမိုးကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း ဆောင်ရွက်ကြောင်းနှင့် အဝေးပြေးကာဝင်းအတွင်း အသိပညာပေး ဗီနိုင်းများ၊ လက်ဆေး ဘေစင်များ ထားရှိပေးပြီး လိုက်နာဆောင်ရွက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက အဆိုပါ မော်တော်ယာဉ်လိုင်းဂိတ်အား ပိတ်သိမ်းရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် ရန်ကုန်အခြေပြုထွက်သော ယာဉ်လိုင်း (၃)လိုင်းရှိကြောင်းနှင့် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကြံခင်းမြို့နယ်အတွင်းမှ ဖြတ်သန်းသွားလားသော ယာဉ်လိုင်း (၁၀)လိုင်း ရှိကြောင်း သိရသည်။
မိုးမိုးစန်း (ပြန်/ဆက်)


