ကြံခင်း ၁၆ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့(အ-ထ-က-၁) အောင်ကျော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်လွင်က မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ရခြင်းအားလည်းကောင်း၊ လုပ်ငန်း တာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်များအားလည်းကောင်း ရှင်းလင်းပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှုဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသန့်ဇင်မျိုးက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က မဲရုံးမှုး မဲရုံအဖွဲ့ဝင်ဆရာဆရာမများ အနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် စနစ်တကျဖြင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထိုနောက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့တာဝန်ပေးထားသော ဆရာဆရာမများကိုအောက်တိုဘာ(၁၉)ရက်မှ (၂၃)ရက်ထိ လုပ်ငန်းလမ်းညွှန်သင်တန်းအား အုပ်စုအလိုက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကြံခင်းမြို့တွင် မဲရုံ(၉၄)ရုံရှိကြောင်း မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်(၁၁၇၈)ဦးအား ခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


