ကန်ကြီးထောင့်   ၂၇   စက်တင်ဘာ 

ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုကျောင်းသား၊ကျောင်းသူများမှတစ်ဆင့်ပြည်သူလူထုအတွင်းစိမ့်ဝင်ပြန့်နှံ့စေရေးနှင့် ငလျင်ဘေးနှင့်ကြုံတွေ့လာပါက မှန်ကန်စွာတုန့်ပြန်ဆောင်ရွက်သွားနိုင်ရေး၊ ထိခိုက်ဆုံးရှုံးမှုများမရှိစေရေး ရည်ရွယ်လျက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာ ၂၇ ရက်၊နံနက် ၁၀ နာရီက တကုန်းကြီး(အ.ထ.က)ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ဆောင်ရန်၊ရှောင်ရန်များနှင့် ငလျင်လှုပ်မှုကြောင့် အဆောက်အဦပြိုကြမှုများ၊ ယာဉ်တိမ်းမှောက်မှုများတွင် ပိမိနေသူ၊ပိတ်မိနေမိသူနှင့်ညှပ်နေသူများကို ကယ်ဆယ်ရာတွင် အသုံးပြုသည့် Hydraulic Spreader (လေဖိအားသုံး တွန်းကန်စက်)၊ Hydraulic Cutter (လေဖိအားသုံး ဖြတ်တောက်စက်)၊ Hydraulic Ram (လေဖိအားသုံး ထောက်တိုင်တွန်းကန်စက်) စသည့်ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ငလျင်လှုပ်နေစဉ်လိုက်နာရမည့် ပုံစံများ၊အရေးပေါ်ရှေးဦးပြုစုခြင်းများ၊ ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရမည့်ပုံစံများနှင့် အရေးပေါ်ယာဉ်ဖြင့်ပို့ဆောင်မှုများကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (KGD)