ကန်ကြီးထောင့် ၂၀  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လွှတ်တော်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်၊ သတ်မှတ်စံချိန်စံညွှန်းများဖြင့် အချိန်မီ ပြီးမြောက်ဖို့ လိုအပ်သလို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဌေးလွင်တို့က ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဖွံ့ဖြိုးရေးရန်ပုံငွေအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁ ခုနှင့် လမ်းခင်းခြင်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၃၄ ခုတို့တွင် ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နန်းထိုက်(ပြန်/ဆက်) 

 

mdn