ကန်ကြီးထောင့် ၂၃ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၁၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကျောင်းများမှာ မောင်းတီးကျေးရွာနှင့် ရေကျော်ကြီးကျေးရွာမှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၂ ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ မိချောင်းဂေါင်းနှင့် အစုကြီးကျေးရွာမှ အခြေခံပညာ အလယ်တန်းကျောင်း ၂ ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း၊ ကျွဲလမ်းချောင်၊ လိပ်ကမ္ဘာနှင့် လေဗွေချောင်ကျေးရွာများမှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၃ ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်းများအဖြစ် လည်းကောင်း၊ ကျူတန်းနှင့် စာဖြူစုကျေးရွာမှ အခြေခံပညာ မူလတန်းလွန်ကျောင်း ၂ ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ တောင်ယာကုန်းကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် လည်းကောင်း၊ ဥယျာဉ်စုကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား အခြေခံပညာ မူလတန်းကျောင်းအဖြစ် လည်းကောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၁၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
“မိမိတို့ရဲ့ ကျေးရွာများရှိတဲ့ အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာမှာ အရင်လို အဝေးကို ကျောင်းသွားတက်စရာ မလိုတော့ဘဲ မိမိကျေးရွာ အခြေခံပညာကျောင်းများမှာပင် အတန်းပညာများကို ဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်၊ မိဘများအနေနဲ့လည်း ကိုယ့်သားသမီးများ၏ သွားရေး၊ လာရေးများအတွက် စိတ်ပူပန်နေရခြင်းမှ ကင်းဝေးသွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးလှဌေးမှ ပြောသည်။
နန်းထိုက် (ပြန်/ဆက်)


