ကန်ကြီးထောင့်   ၇   အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး (NEP)စီမံကိန်း အိမ်သုံးဆိုလာစနစ်ဖြင့် မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင် ပြင်ပတွင်ရှိသော မီးမရရှိနိုင်သေးသည့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ ကျေးရွာ ၁၉ ရွာမှ ပြည်သူများ မကြာမီဆိုလာမီးများ ရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး(NEP)စီမံကိန်းဖြင့် တစ်အိမ်သုံး ဆိုလာစနစ် တပ်ဆင်ရာတွင် တန်ဖိုး လေးသိန်းခန့်ရှိ ဝပ် ၆၀ ဆိုလာနှင့် တန်ဖိုး ငါးသိန်းခွဲခန့်ရှိ ဝပ် ၁၀ဝ ဆိုလာဟူ၍နှစ်မျိုးရှိပြီး ဝပ် ၆၀ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအပါ တစ်စုံကို ပြည်သူထည့်ဝင်ငွေ ၅၀ဝ၀ဝ ကျပ် (ငါးသောင်းကျပ်)၊ဝပ် ၁၀ဝ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအပါ တစ်စုံကို ပြည်သူထည့်ဝင် ငွေကျပ်  ၁၅၀ဝ၀ဝ (တစ်သိန်းခွဲ) စသည်ဖြင့် မိမိအိမ်တွင်တပ်ဆင်မည့် ဝပ်အားပေါ်မှုတည်၍ ကျသင့်ငွေ၏ လေးပုံတစ်ပုံခန့်ကိုသာ ပြည်သူများကထည့်ဝင်ရမှာဖြစ်ပြီး ကျေးရွာအိမ်ခြေ၏ ၃၀ ရာခိုင်နှုန်းအထက်တပ်ဆင်အသုံးပြုမည်ဆိုပါက ကျေးရွာအတွင်းရှိ ဘာသာရေးအဆောက်အအုံ၊လမ်းမီး၊ဆေးပေးခန်းနှင့်စာသင်ကျောင်းများ စသည့်အများပိုင်နေရာများတွင် ဆိုလာမီးများကို အခမဲ့ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ကပြောသည်။

 

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်မီးလင်းရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် Earth Renewable Energy ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းများကိုအောက်တိုဘာလအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ ပစ္စည်းများကိုလည်း တပ်ဆင်မည့် ကျေးရွာများသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က ဆက်လက်ပြောကြားသည်။

 

နန်းထိုက် (KGD)