ကန်ကြီးထောင့်    ၂၁  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်တွင် PPE ဝတ်စုံ (အပြည့်) စနစ်တကျ ဝတ်ဆင်နည်းနှင့် ဝတ်စုံချွတ်နည်းများအား လက်တွေ့သရုပ်ပြခြင်းကို ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သရုပ်ပြပွဲတွင် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ရီရီခင်မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ လူနာများနှင့် သံသယလူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ရာတွင် ယာဉ်မောင်းများ အနေဖြင့် PPE ဝတ်စုံကို စနစ်တကျ ဝတ်ဆင်တတ်စေရန်နှင့် ရောဂါကူးစက်မှုမရှိစေရန် ရည်ရွယ်၍ လက်တွေ့ သရုပ်ပြခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး PPE ဝတ်စုံ (အပြည့်) ဝတ်နည်း၊ ချွတ်နည်း များနှင့် PPE ဝတ်စုံ ဝတ်ဆင်ရာတွင် သတိပြုလိုက်နာရမည့် အချက်များနှင့် ရောဂါကာကွယ်ရေး အတွက် ဆောင်ရန်၊ရှောင်ရန်အချက်များကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

 

11245

 

ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှ ဦးမျိုးညွန့်အောင်(မြို့နယ်သူနာပြု)က PPE ဝတ်စုံအား စနစ်တကျ ဝတ်ဆင်နည်းနှင့် ချွတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းရာ ဒေါက်တာရီရီခင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်းနှင့် ချွတ်နည်း လက်တွေ့သရုပ်ပြပွဲကို မြို့နယ်အတွင်းရှိ လူမှုကူညီရေး အဖွဲ့များမှ တာဝန်ရှိသူများ၊ လူနာတင်ယာဉ်မောင်းများနှင့် NGO များ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)