ကန်ကြီးထောင့်  ၄  မေ

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ‌ရေးနှင့် ရာသီဥတု‌ဖောက်ပြန်မှုအား လျော့ချနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော်အား ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

"မိုးရာသီသစ်ပင်စိုက်ပျိုးဖို့အတွက် ပျိုးဥယျာဉ်မှာ ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော်ကို ၂၀၁၉ ခု၊ ဒီဇင်ဘာလထဲက စတင်ပျိုးထောင်ခဲ့ပြီး အပိုဆောင်းအနေဖြင့် ပျိုးပင်ပေါင်း နှစ်ထောင်ကိုလည်း ပျိုးထောင်ထားရှိပါတယ်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် မြေဆီ၊ မြေဩဇာတိုးပွားစေခြင်း၊ ရာသီဥတုအပူချိန် ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးမှုထိန်းသိမ်းပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။ အခုပျိုး‌ထောင်ထားရှိတဲ့ပျိုးပင်များကို  ၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် သတ်မှတ်ထားတဲ့ နေရာမှာ စိုက်ပျိုးသွားမှာဖြစ်ပြီး ဘုန်း‌တော်ကြီးကျောင်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ အဖွဲ့အစည်းများ၊ စာသင်ကျောင်းများအပါအဝင် မိမိနေအိမ်ခြံဝင်းနှင့် ဥယျာဉ်ခြံ‌မြေများအတွင်း စိုက်ပျိုးလိုသူများကိုလည်း ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း" ကန်ကြီးထောင့်ဘိနယ် (တာဝန်ခံ)တောအုပ် ဦးချိုဆန်းထံမှ သိရသည်။

 

မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ကန်ကြီးထောင့်မြို့နယ် သစ်တောပျိုးဥယျာဉ်တွင် မန်ဂျန်ရှား ၁၅၀၀၀၊ ကျွန်း ၃၀၀၀၊ ပျဉ်းကတိုး ၅၀၀၊ မဟော်ဂနီ ၅၀၀၊ ယူကလစ် ၄၀၀၊ စိန်ပန်းကြီး ၃၀၀၊ ပင်လယ်ကဗွီး ၃၀၀ စသည့်သစ်မျိုးပေါင်း ၂၀၀၀၀ ခန့်ကို လျာထား ပျိုးထောင်ထားပြီး အပိုဆောင်း အနေဖြင့် ပျိုးပင်ပေါင်း နှစ်ထောင်ကိုလည်း ပျိုးထောင်ထားရှိကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)