ကန်ကြီးထောင့်၊ ၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ ၆ ရက် ည ၇ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် "A" အဆင့်ရ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်များနှင့် လက်သန့်ဆေး ထားရှိစေခြင်းများ၊ ကိုယ်အပူချိန်တိုင်းခြင်းများ၊ စားပွဲဝိုင်းများကို ခြောက်ပေအကွာ ထားရှိစေခြင်းများ၊ စားပွဲများပေါ်တွင် အကာများထားရှိစေခြင်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများ ကပ်ထားစေခြင်းများ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ "A" အဆင့်ရသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင် စုစုပေါင်း ၃၆ ဆိုင်ရှိရာ ဒီဇင်ဘာ ၄ ရက်မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း၊ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က ပြောပြချက်အရ သိရသည်။
နန်းထိုက် (ပြန်/ဆက်)


