ကန်ကြီးထောင့် ၂၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ အဆိုပါ ဦးစီးဌာန၌ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့်ရှိသူတိုင်း တက်ရောက်နိုင်ပြီး သင်တန်းသား ၂၀ အထိ သတ်မှတ်ထားကြောင်း၊ သင်တန်းသားများကို Mask၊ ဆပ်ပြာရည်နှင့် လက်အိတ်များ ထုတ်ပေး ကာ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် အဆိုပါဦးစီးဌာန၊ ဖုန်းနံပါတ် ၀၉-၇၈၄၃၆၃၂၆၁၊ ၀၉-၇၈၈၁၄၁၇၇၅ နှင့် ၀၉-၂၅၄၄၃၁၈၉၃ သို့ ဒီဇင်ဘာ ၄ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ သင်တန်းပေါင်း (၁၁)ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)


